ပင်လယ်နီဒေသထဲ ဟူသီလက်နက်ကိုင်အဖွဲ့ တစခန်းထခြင်း နောက်ကွယ်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း တကျော့ပြန် အစ္စရေး-ဟားမာ့စ်စစ်ပွဲ စတင်ပြီးနောက်ပိုင်းကတည်းက ယီမင်အနောက်ဘက်ပိုင်း တစိတ်တဒေသကို ထိန်းချုပ်ထားတဲ့ ဟူသီ လက်နက်ကိုင်အဖွဲ့တွေဟာ အစ္စရေးနိုင်ငံကို ဒရုန်းတွေ၊ ဒုံးပျံတွေနဲ့ ပစ်လွှတ်တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဟူသီတွေရဲ့  တိုက်ခိုက်မှုတွေထဲက အများစုကို အစ္စရေးနဲ့ အမေရိ ကန်နိုင်ငံတွေက ၎င်းတို့ရဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေနဲ့ ကြားဖြတ်ပစ်ချပြီး ကာကွယ်ခဲ့ရပါတယ်။

ဒါ့အပြင် ဟူသီတွေအနေနဲ့ ပင်လယ်နီထဲ ဖြတ်သန်းခုတ်မောင်းနေတဲ့ ပင်လယ်ကူး ကုန်တင်သင်္ဘောတွေကိုလည်း ပြန်ပေးဆွဲတာနဲ့ တိုက်ခိုက်တာတွေ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါ တယ်။ အဆိုပါလုပ်ရပ်တွေနဲ့ပတ်သက်ပြီး ဟူသီတွေကတော့ အစ္စရေးနိုင်ငံကို ဦးတည်ခုတ်မောင်းနေတဲ့ သင်္ဘောတွေနဲ့ အစ္စရေးလူမျိုးပိုင် သင်္ဘောတွေကိုသာ ဦးတည်တိုက်ခိုက်နေ တာဖြစ်တယ်လို့ ပြောဆိုထားတာပါ။ ဒါပေမယ့်လည်း တဖက်မှာတော့ ဟူသီတွေတိုက်ခိုက်နေတဲ့ ပင်လယ်နီထဲက သင်္ဘောအတော်များများဟာ အစ္စရေးနိုင်ငံ ဒါမှမဟုတ် အစ္စရေး လူမျိုးတွေနဲ့ ဘယ်လိုအချိတ်အဆက်မှ ရှိမနေပါဘူးလို့ အနောက်ကမ္ဘာက ဝေဖန်ကြပါတယ်။  

ပင်လယ်နီ‌အတွင်း ဒီလိုတိုက်ခိုက်ခံရမှုတွေကြောင့် ပင်လယ်ကူး ကုန်တင်သင်္ဘောကုမ္ပဏီကြီးတွေအနေနဲ့ ပင်လယ်နီကိုအသုံးပြုပြီး ဖြတ်သန်းသွားလာရတဲ့ ပင်လယ်ရေလမ်း ကြောင်းတွေကို ရှောင်ရှားလာကြကာ၊ အာဖရိကတောင်ပိုင်းဒေသကိုပတ်ပြီး ပိုမိုရှည်ကြာတဲ့ ပင်လယ်ရေလမ်းကြောင်းကို အသုံးပြုလာကြရတဲ့ အခြေအနေမျိုးအထိ ဆိုက်ရောက် လာခဲ့ပါတယ်။ ဒီလို ပိုမိုရှည်ကြာတဲ့ ရေလမ်းကြောင်းကို အသုံးပြုလာရတဲ့အတွက် ရေရှည်မှာ ကုန်စည်ပို့ဆောင်မှု စရိတ်စကတွေ သိသိသာသာမြင့်တက်လာမှာဖြစ်ပါတယ်။ ဒါ့ ကြောင့် ပင်လယ်နီဒေသအတွင်း ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်မှုကို ထိထိရောက်ရောက် မဟန့်တားနိုင်ပါက အဆိုပါဒေသတွင်း လွတ်လပ်စွာ ရေကြောင်းကုန်သွယ်မှုကို ကြီးကြီးမားမား ခြိမ်းခြောက်လာနိုင်ကာ၊ ရေရှည်မှာ ကမ္ဘာ့ကုန်သွယ်စီးပွားရေးကို တစုံတရာရိုက်ခတ်နိုင်မယ့်အလားအလာလည်း ရှိနေပြန်ပါတယ်။

ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့  ပင်လယ်နီရေလမ်းကြောင်း တိုက်ခိုက်မှုတွေကို ဟန့်တားထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာပဲ အမေရိကန်နဲ့ ယူကေနိုင်ငံတွေက ယီမင်နိုင်ငံထဲက ဟူသီတို့ရဲ့ အမိန့်ပေးကွပ်ကဲရေးဌာနတွေ၊ လက်နက်ခဲယမ်းသိုလှောင်ထားတဲ့ လက်နက်တိုက်တွေ၊ ဒုံးကျည်ပစ်လွှတ်ရေးစနစ်တွေ၊ လက်နက်ခဲယမ်းထုတ်လုပ်ရေး စက်ရုံတွေနဲ့ လေကြောင်းကာကွယ်ရေး ရေဒါအခြေစိုက်စခန်းတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ တိုမာဟော့ခ် ခရုဇ်ဒုံးပျံတွေနဲ့ ပစ်လွှတ်တိုက်ခိုက်ပြီး ပြင်းပြင်းထန် ထန် တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တဖက်မှာ ဟူသီကိုကြိုးကိုင်ထားတဲ့ အီရန်နိုင်ငံအနေနဲ့ အစ္စရေး-ဟားမာ့စ်စစ်ပွဲမှာ တိုက်ရိုက်ပါဝင်လာပြီး အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခ ပိုမိုကျယ်ပြန့်လာမှာကိုလဲ စိုးရိမ်မှုရှိနေလို့ အမေရိကန်အနေနဲ့ ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် အထူးကန့်သတ်တိုက်ခိုက်မှုတွေကိုပဲ အာရုံစိုက်လုပ်ဆောင်ဖို့ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း အစ္စရေး-ဟားမာ့စ်စစ်ပွဲ စတင်ဖြစ်ပွားကတည်းကပင် ယီမင်နိုင်ငံအခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ဟာ ၎င်းတို့ဟူသီလက်နက်ကိုင်အဖွဲ့ ပုံ ရိပ်မြင့်မားရေး၊ အာရပ်အသိုင်းအဝိုင်းအတွင်း ဝင်ဆံ့နိုင်ရေး၊ ၎င်းတို့ဖွဲ့စည်းထားတဲ့ ယီမင်အုပ်ချုပ်ရေးအဖွဲ့ကို ပြည်တွင်းရော၊ ဒေသတွင်းမှာပါ ထောက်ခံမှုရရှိပြီး တရားဝင်စေရေး အတွက် အဆိုပါ အစ္စရေး-ဟားမာ့စ် စစ်ရေးပဋိပက္ခကို အသုံးချပြီး နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေခဲ့တာပါ။ (ဆိုလိုတာက ဟူသီအဖွဲ့အနေနဲ့ ယီမင်နဲ့ တူညီသောဘာသာရေး အမှတ် လက္ခဏာရှိတဲ့ ပါလက်စတိုင်းပြည်သူတွေအတွက် အစ္စရေးကို တိုက်ခိုက်နေတာနဲ့ပတ်သက်ပြီး ယီမင်နိုင်ငံသားတွေနဲ့ မူဆလင်အာရပ်ကမ္ဘာရဲ့ အသိအမှတ်ပြု ထောက်ခံမှုမျိုးရရှိရန် ရည်ရွယ်တာသာဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းတို့ရဲ့ ကျောထောက်နောက်ခံ ရှီးယိုက်အင်အားကြီး အီရန်နိုင်ငံရဲ့ ကြီးကြီးမားမား ထောက်ခံအားပေးမှုရရှိရန်လည်း ရည်ရွယ်ပါတယ်။) ဟူသီအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက အစ္စရေးနိုင်ငံဘက်ကို ဒုံးကျည်နဲ့ ဒရုန်းများ ပစ်လွှတ်တိုက်ခိုက်ခဲ့ပေမယ့် မထိရောက်ခဲ့ပဲ အီဂျစ်နယ်နမိတ်ထဲကိုပဲ ကျ ရောက်ခဲ့ကာ ၎င်းတို့ရဲ့ ရည်မှန်းချက်တွေ အထမမြောက်ခဲ့ပါဘူး။

အစ္စရေးဘက်ကို တိုက်ခိုက်မှု မထိရောက်ပဲ ၎င်းတို့ ရည်မှန်းချက်တွေ မအောင်မြင်တော့တဲ့ ဟူသီတွေအနေနဲ့ အရေးပေါ်အစီအစဉ်တစ်ရပ် ပြောင်းလဲကျင့်သုံးတဲ့ မဟာဗျူဟာ (Fallback Strategy) ကို အသုံးချပါတော့တယ်။ ဒီမဟာဗျူဟာအရ ဟူသီလက်နက်ကိုင်အဖွဲ့ဟာ ပင်လယ်နီထဲ ဖြတ်သန်းရတဲ့ အစ္စရေးကုန်တင်သင်္ဘောတွေနဲ့ အစ္စရေးနိုင်ငံကို ဦး တည်လာတဲ့ သင်္ဘောတိုင်းကို တိုက်ခိုက်ပြီး အစ္စရေးကို အခက်ကြုံအောင် လုပ်ဆောင်ပါတယ်။ နောက်တချက်က ဟူသီတွေအနေနဲ့ ၎င်းတို့ရဲ့ ပင်လယ်နီထဲ ဖြတ်သန်းသွားလာတဲ့ အစ္စရေးနဲ့ ဆက်စပ်နေတဲ့ ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်မှုအ‌ပေါ် လက်ဘနွန်နိုင်ငံက ဟစ်ဇ်ဘိုလာအဖွဲ့ ရဲ့ အစ္စရေးကိုတိုက်ခိုက်နေမှုနဲ့ တန်းညှိလိုနေတာလည်း ဖြစ်ပါတယ်။ ဆိုလိုတာက အီရန်က အဓိကကျောထောက်နောက်ခံပေးနေတဲ့ လက်ဘနွန်နိုင်ငံအခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးကို တိုက်ခိုက်နေမှုနဲ့ ပင်လယ်နီဒေသထဲ အစ္စရေးနဲ့ဆက် စပ်နေတဲ့ ကုန်တင်သင်္ဘောတွေကို ၎င်းတို့တိုက်ခိုက်နေမှုတို့မှာ ရည်ရွယ်ချက်ချင်းတူညီကြောင်းနဲ့ ဒီလိုတိုက်ခိုက်မှုမျိုးတွေက ဂါဇာဒေသက ပြည်သူတွေနဲ့အတူ ရပ်တည်တာဖြစ် ကြောင်းကို ဒေသတွင်းနဲ့ နိုင်ငံတကာက ပါလက်စတိုင်းထောက်ခံသူတွေကို သတင်းစကားပေးလိုတာလည်း ဖြစ်ပါတယ်။  

ဟူသီအဖွဲ့အနေနဲ့ ၎င်းတို့ထိန်းချုပ်ထားတဲ့ ယီမင်နယ်မြေဧရိယာအတွင်း စီးပွားရေးကျဆင်းမှုနဲ့အတူ လူထုရဲ့ ဆန္ဒပြမှုတွေနဲ့ပါ လတ်တလောရင်ဆိုင်နေရပါတယ်။ ဒါ့ကြောင့်ပဲ အစ္စရေးကိုတိုက်ခိုက်ပြီး ပါလက်စတိုင်းပြည်သူတွေနဲ့ အတူရပ်တည်ကြောင်းပြတာဟာ ၎င်းတို့ ပြည်တွင်းနိုင်ငံရေးအကြပ်ရိုက်မှုကို အစ္စရေးဘက်ကို စုပြုံအာရုံလွှဲနိုင်ဖို့ အကောင်း ဆုံးအချိန်အခါလို့လည်း ယူဆနေပါတယ်။ ဒါ့အပြင် ပင်လယ်နီ‌ဒေသတဝန်း အကြပ်ရိုက်အောင်လုပ်နေတဲ့ ၎င်းတို့လုပ်ရပ်ကို အမေရိကန်အနေနဲ့ ပြင်းပြင်းထန်ထန်တုံ့ပြန်မယ်လို့ လည်း ဟူသီတို့က ယူဆဟန်မတူပါဘူး။ အကြောင်းကတော့ ဆော်ဒီအာရေးဗီးယားနိုင်ငံက ထောက်ခံတဲ့ ယီမင်အစိုးရနဲ့ ယီမင်အနောက်ဘက်‌ဒေသအများစုကို ထိန်းချုပ်ထားတဲ့ ဟူသီလက်နက်ကိုင်အဖွဲ့အကြား ငြိမ်းချမ်းရေးဆွေးနွေးနေမှုတွေကို တန့်ရပ်အောင် ဒါမှမဟုတ် ရပ်ဆိုင်းသွားအောင် အမေရိကန်ဘက်က ပြုလုပ်လိုဟန်မတူဘူးလို့ ဟူသီအဖွဲ့က ယူဆထားလို့ ဖြစ်ပါတယ်။

ဟူသီအဖွဲ့ရဲ့  တွက်ကိန်းတွေဟာလည်း သူ့အတိုင်းအတာနဲ့သူတော့ လက်တွေ့ကျနေပုံရပါတယ်။ အကြောင်းမှာ ယီမင်ပြည်တွင်းစစ် ချုပ်ငြိမ်းသွားရေးအတွက် အမေရိကန်အနေနဲ့ ၎င်းပါဝင်စေ့စပ်ညှိနှိုင်းပေးထားတဲ့ ဆော်ဒီနဲ့ ဟူသီအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ရပ်ဆိုင်းအောင် လုပ်လိုတဲ့ဆန္ဒ ရှိမနေပါဘူး။ ဆော်ဒီဘက်ကလည်း ယင်းနဲ့ ဟူသီအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို မရပ်တန့်စေလိုပဲ ဆက်လက်အားကောင်းလာဖို့ကိုသာ ရည်မျှော်ပုံရပါတယ်။ တဖန် အမေရိကန်ရဲ့ ပါရှန်းပင်လယ်ကွေ့ဒေသက မိတ်ဖက်နိုင်ငံတွေ အနေနဲ့လည်း ပါလက်စတိုင်းဘက်က ရပ်တည်တိုက်ခိုက်နေတဲ့ ယီမင်နိုင်ငံအခြေစိုက် ဟူသီအဖွဲ့အပေါ် အမေရိကန်က တိုက်ရိုက်တိုက်ခိုက်လာမှာကို ဆန့်ကျင်လိုပုံရပါတယ်။ အကြောင်းကတော့ ပင်လယ်ကွေ့ဒေသနိုင်ငံတွေရဲ့ ပြည်သူတွေထဲက အများစုဟာ ပါလက်စတိုင်းထောက်ခံသူတွေ ဖြစ်နေလို့ပါပဲ။ နောက်တစ်ချက်က အမေရိကန်က ဟူသီကို အပြင်းထန်ဆုံး တုံ့ပြန်တိုက်ခိုက်ရာကနေ ယီမင်ပြည်တွင်းစစ် ပြန်လည်ဖြစ်ပွားပါက အီရန်ရဲ့ထောက်ပံ့မှု အပြည့်အဝရရှိထားတဲ့ ဟူသီတွေအနေနဲ့ ဆော်ဒီကျောထောက်နောက်ခံ ပေးထားတဲ့ ယီမင်အစိုးရထက် စစ်ရေးအင်အားအရ အသာစီးရနေတာပဲ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဟူသီလက်နက်ကိုင်အဖွဲ့ကတော့ အမေရိကန်နဲ့ ယင်းရဲ့မဟာမိတ်တွေဘက်က ၎င်းတို့အပေါ် စွပ်စွဲချက်ဖြစ်တဲ့ ပင်လယ်နီ‌ဒေသထဲ လွတ်လပ်စွာရေကြောင်းသွားလာမှု ကို ခြိမ်းခြောက်တိုက်ခိုက်နေတယ်ဆိုတာကို အပြင်းအထန် ငြင်းဆန်နေခဲ့တာ ဖြစ်ပါတယ်။ ၎င်းတို့အနေနဲ့ ပင်လယ်နီထဲ အစ္စရေးဘက်ကို ဦးတည်နေတဲ့ ကုန်တင်သင်္ဘောတွေနဲ့ အစ္စရေးနဲ့ဆက်စပ်နေတဲ့ ပင်လယ်ကူးသင်္ဘောတွေကိုသာ ရွေးချယ်တိုက်ခိုက်နေတာဖြစ်ပြီး၊ နိုင်ငံတကာရေကြောင်းသွားလာမှုကို နှောင့်ယှက်ဟန်တားနေတာမျိုး မရှိဘူးလို့ ဆို ထားကာ အမေရိကန်အနေနဲ့ လွတ်လပ်တဲ့ နိုင်ငံတကာရေကြောင်းသွားလာမှုကို ထိန်းသိမ်းစောင့်ရှောက်ပေးတယ်လို့ နှပ်ကြောင်းပေးပြီး အမှန်တကယ်က အစ္စရေးကိုကာကွယ်ပေး နေတာသာဖြစ်တယ်လို့ ပြန်လည်တုံ့ပြန် ဝေဖန်ထားပါတယ်။

အချုပ်အနေနဲ့ ဆိုရရင် ပင်လယ်နီဒေသထဲ ဖြတ်သန်းသွားလာတဲ့ အစ္စရေးနဲ့ဆက်စပ်နေတဲ့ ပင်လယ်ကူးသင်္ဘောတွေကို တိုက်ခိုက်တာကတဆင့် အစ္စရေး-ဟားမာ့စ်ပဋိပက္ခထဲ ၎င်း တို့ကိုယ်တိုင်ပါဝင်လာတာရဲ့ နောက်ကွယ်က ဟူသီတွေရဲ့ ရည်မှန်းချက်ကတော့ ၎င်းတို့အပေါ် ထောက်ခံမှုကျဆင်းနေတဲ့ ယီမင်က ပြည်သူတွေရဲ့အာရုံကို ထိထိရောက်ရောက်လွှဲပြီး ၎င်းတို့အပေါ် ထောက်ခံအားပေးမှုရှိလာစေဖို့၊ ဂါဇာက ပါလက်စတိုင်းပြည်သူတွေကိုထောက်ခံတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှု ရရှိလာစေဖို့နဲ့ အနောက်ကမ္ဘာနဲ့ အစ္စရေးအပေါ် ခုခံဆန့်ကျင်နေတဲ့ (အီရန်ခေါင်းဆောင်တဲ့) ဝင်ရိုးတန်းနိုင်ငံတွေထဲ ၎င်းတို့ ခိုင်ခိုင်မာမာပေါင်းစည်း ပါဝင်သွားနိုင်ရေးအတွက် အရည်အသွေးပြည့်မီကြောင်း ၎င်းတို့ရဲ့ လုပ်ရည်ကိုင်ရည်ကို ကမ္ဘာသိပြသသွားနိုင်ဖို့တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ ဒီလိုမျိုး ပင်လယ်နီဒေသထဲ တိုက်ခိုက်မှုတွေက သပွတ်အူလို ရှုပ်ထွေး လွန်းလှတဲ့ အရှေ့အလယ်ပိုင်းဒေသ ပထဝီနိုင်ငံရေးအပေါ် ဘယ်အတိုင်းအတာထိ ရိုက်ခတ်နိုင်မလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။

ထင်လင်း (ပုသိမ်)

ကိုးကား။    ။ https://www.atlanticcouncil.org/, https://acleddata.com/, https://moderndiplomacy.eu

ပင်လယ်နီဒေသထဲ ဟူသီလက်နက်ကိုင်အဖွဲ့ တစခန်းထခြင်း နောက်ကွယ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်