ထိုင်းနိုင်ငံ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး

ထိုင်းနိုင်ငံရေးဟာ စိတ်ဝင်စားဖို့ကောင်းတယ် ထင်မိသလို၊ ကျနော်တို့ လေ့လာစရာတွေလည်းရှိတယ်လို့ ထင်မိတယ်။ အထူးသဖြင့် အခုအစိုးရသစ်မှာ အရပ်ဘက်-စစ်ဘက် ဆက် ဆံရေးအကြောင်းလေးတွေ ဖတ်ရတယ်။ စိတ်ဝင်စားမိတယ်။

စစ်တပ်က ၂၀၀၆ ခုနှစ်မှာ ဝန်ကြီးချုပ်သက်ဆင်ဆီက အာဏာသိမ်းတယ်။ တခါ ၂၀၁၄ မှာ သူ့ညီမ ဝန်ကြီးချုပ် ရင်လတ်ဆီက အာဏာထပ်သိမ်းတယ်။ စစ်အစိုးရက အာဏာကိုချုပ်ကိုင်ပြီး အတော်ကြာကြာ နိုင်ငံရေးဇာတ်ခုံကို သူခင်းချင်သလို ခင်းခဲ့တယ်။ နောက်ဆုံးရွေးကောက်ပွဲမှာတော့ ထင်မှတ်မထားဘဲ ဒုတိယအများဆုံးအနိုင်ရတဲ့ ပါတီ (ဖွေ့ထိုင်းပါတီ PheuThai Party) က အစိုးရဖွဲ့ခွင့်ရခဲ့တယ်။ သတင်းစာတွေကတော့ အရင်ပဋိပက္ခဖြစ်ခဲ့တဲ့ အင်အားစုနှစ်ခု ဇာတ်ပေါင်းထုပ်ခန်းသဘောမျိုးလို ရေးခဲ့ကြသေးတယ်။

ပထမအများဆုံးအနိုင်ရပါတီ (Move Forward Party) က အစိုးရဖွဲ့တာ မအောင်မြင်ဘူး။ ပါတီခေါင်းဆောင် ဖိတာ (Pita Limjaroenrat) ကိုလည်း မီဒီယာကုမ္ပဏီမှာ အစုရှယ်ယာပိုင်လို့ဆိုပြီး ဖွဲ့စည်းပုံခုံရုံးက ဆိုင်းငံ့ထားလိုက်တာ လွန်ခဲ့တဲ့ ၁-၂ ရက်ကမှ အပြစ်မရှိကြောင်းဆုံးဖြတ်ပေးပြီး၊ အမတ်ပြန်လုပ်ခွင့်ရတယ်။

ဒီကြားထဲမှာ ကာကွယ်ရေးဝန်ကြီးဖြစ်လာသူက အရပ်သားနိုင်ငံရေးသမား ဆုတင် ကလန်ဆန် (Sutin Klangsang)၊ ပြီးခဲ့တဲ့ ၂၀၁၉ ရွေးကောက်ပွဲအပြီးမှာ သူက အတိုက်အခံပါတီခေါင်းဆောင်အဖြစ် လုပ်လာရတဲ့သူ။ သူ ကာကွယ်ရေးတာဝန်ယူရတော့ လူတွေကသူ့အပေါ်အမြင်ရှိကြတယ်။ သူစွမ်းဆောင်နိုင်ပါ့မလားပေါ့။ ကာကွယ်ရေးမှာ ဒုဝန်ကြီးမထားဘူး။ ဝန်ကြီးချုပ် ဆရီထာက တိုက်ရိုက်ကိုင်တယ်လို့ မြင်ကြတယ်။ တဖက်မှာတော့ ဝန်ကြီးချုပ် ဆရီထာက ထိုင်းတပ်ချုပ်ဗိုလ်ချုပ်ကြီး ဆုန်ဝင် နုမ်ဖက်ဒီး (Gen. Songwit Noonpakdee) နဲ့ တိုက် ရိုက်ပြောတယ်။ ရလဒ်ထွက်တာမြန်တယ်လို့ ထင်တယ်။

“စစ်တပ်က လူအများစုက မစ္စတာဆုတင်က လက်နက်ကိုင်တပ်တွေကိစ္စကို တကယ်ကြီးကြပ်နေတာလို့ မမြင်ကြဘူး။ ဝန်ကြီးချုပ် ဆရီထာနဲ့ အခုအခါ ထောင်တွင်းရှိနေသူ ဝန်ကြီး ချုပ်ဟောင်း သက်ဆင်တို့က ကြီးကြပ်နေကြတာလို့ မြင်ကြတယ်။” အကြားအမြင်ကြီးတဲ့ ရပ်ကွက်ကလူတွေကပြောတယ်။ အမှန်တော့ ဆရီထာက ဆုံး ဖြတ်ချက်ချနေတာတောင် မဟုတ်။ သက်ဆင်က နောက်ဆုံး ဆုံးဖြတ်ချက်ချနေတာလို့ ဆိုကြတယ်။

ဆရီထာက မနှစ်က ဩဂုတ် ၂၂ မှာ ဝန်ကြီးချုပ်စဖြစ်တာ။ ခုဆိုရင် ၅ လပတ်ဝန်းကျင်ပဲ ရှိသေးတယ်။ ဒါပေမယ့် အတော်တော့အလုပ်ဖြစ်တယ် ဆိုနိုင်တယ်။ ဒါပေမယ့် စစ်တပ်အပေါ် အရပ်သားနိုင်ငံရေးသမားတွေ ကြီးကြပ်ခွင့်ရအောင် သူတို့လုပ်နိုင်ခဲ့တယ်။ စစ်တပ်ထဲဩဇာကြီးခဲ့တဲ့ ပေါညီနောင် ၃-ဦးကို ဇာတ်သိမ်းစေနိုင်ခဲ့တယ်။ [ပေါညီ နောင် ၃- ဦး၊ ထိုင်းလို ဆမ်ပေါလို့ သူတို့ခေါ်ကြတာက ဝန်ကြီးချုပ်ဟောင်း ပရာယွတ် ချန်အိုချာ၊ အရင် ဒုဝန်ကြီး ချုပ်နဲ့ ဖလန်ပရာချာရတ်သ်ပါတီခေါင်းဆောင် ပရာဝစ် ဝုန်ဆာဝန်၊ အရင် ပြည် ထဲရေးဝန်ကြီးဟောင်း အနုပေါင် ပေါင်ချင်ဒါ တို့ပဲ] အခုအခါ သူတို့ဩဇာ နိဂုံးချုပ်ခဲ့ပြီ ဆိုနိုင်တယ်။

အခု ၅-လတာကာလမှာ မစ္စတာဆုတင်ကို စစ်တပ်က ခြိမ်းခြောက်မှုလို့ မမြင်ကြဘူး။ သူနဲ့သက်တောင့်သက်သာရှိကြတယ်။ သူကထိန်းချုပ်ဖို့ ကြိုးစားတာထက်စာရင် ပျော့ပြောင်း တဲ့နည်း (soft stance) ကို ကျင့်သုံးတယ်။

စစ်တပ်နောက်ခံသမိုင်းမရှိပေမယ့် သူက စစ်တပ်အပေါ် စာနာနားလည်တယ်။ အချို့ကိစ္စတွေကို စစ်တပ်ကိုပဲ ဦးဆောင်လုပ်စေတယ်။ ဥပမာအားဖြင့် ခုတလော ဘတ်ဂျက်ရေးဆွဲကြတော့ စစ်တပ်ကိုပဲ သူတို့ဘာသာဆုံးဖြတ်စေတယ်။ ဒါကြောင့် လွှတ်တော်မှာ ပြောဆိုကြရမယ်ဆိုတော့ စစ်တပ်က သူတို့ကိုယ်စား ပြောရေးဆိုခွင့်ရှိသူလို သူ့ကိုပြောစေတယ်။

“ကျနော်က စစ်တပ်အတွက် လုပ်ပေးနေတာ။ အစောပိုင်းကတော့ ကျနော်သူတို့နဲ့ သင့်မြတ်မယ်-မသင့်မြတ်ဘူးဆိုတာ မသေချာလှဘူး။ ဒါပေမယ့် စစ်တပ်က ကျနော့်ကိုလေးစားမှုပြတယ်။ ကျနော်က စစ်တပ်အကြောင်း နည်းနည်းပဲသိပေမယ့် သူတို့ကကောင်းကောင်းဆက်ဆံတယ်။” လို့ ဆုတင်က ပြောတယ်။

စစ်တပ်ဖက်က မြင်တာကတော့ မစ္စတာဆုတင်က စိတ်ပူစရာသိပ်မကောင်းတဲ့၊ လူကောင်း၊ ရိုးသားတယ်၊ ကျိုးကြောင်းဆီလျော်ရှိတယ်။ (salt-of-the-earth) အမျိုးအစားလို့မြင်တယ်။ အရင်က ကာကွယ်ရေးဝန်ကြီးလုပ်ခဲ့သူတွေနဲ့ယှဉ်ရင် ပိုချည်းကပ်ရလွယ်တယ်။ သူကိုယ်တိုင်က စစ်တပ်နဲ့ထိတွေ့နိုင်ဖို့ အောက်ခြေခရိုင်တွေကိုလည်း ခရီးထွက်သွားတွေ့လေ့ရှိတယ်။ ဒီဇင်ဘာ ၂၆ တုန်းက ဆုတင်က မိမိဆန္ဒအလျောက် စစ်သားလုပ်ကြဖို့စည်းရုံးတဲ့ ဂီတဖျော်ဖြေပွဲ တက်ခဲ့သေးတယ်။ သူက သီချင်းပါတက်ဆိုလိုက်သေးတယ်။ ထိုင်းစစ်တပ်မှာ တနှစ်ကို စစ်သား ၈၀,၀၀၀- ၉၀,၀၀၀ လောက်လိုအပ်နေပြီး မဲဖောက်တဲ့စနစ်နဲ့ မဖြစ်မနေစစ်သားလုပ်ရတာ ၄-၅ သောင်းလောက် ရှိတယ်။ ကျန်တဲ့ ၄ သောင်းလောက်က ကိုယ့်ဆန္ဒနဲ့ကိုယ် ဝင်လာကြတာ။

အခု ထိုင်းလွှတ်တော်မှာ ဘတ်ဂျက်ကိစ္စ ငြင်းခုန်ဆွေးနွေးကြရတော့မယ်။ ထိုင်းစစ်တပ်က ဘတ်သန်း ၆၀၀ တောင်းထားတယ်။ ဒီမှာ စိတ်ဝင်စားဖို့ကောင်းတာက ဘတ်ဂျက်ငွေအများကို ဗိုလ်ချုပ်ကြီးတွေကို စောစောပင်စင်ပေးအနားယူစေဖို့ သုံးတာပဲ။ ထိုင်းတပ်မတော်မှာ ဗိုလ်ချုပ်ကြီး ၁,၄၀၀ လောက်ရှိတယ်။ အများစုက “အထူး ကျွမ်းကျင်သူ” (specialist) ဆိုပြီး ရာထူးတွေစားနေကြတာ။ သူတို့မှာ အရင်စဉ်းစားချက်က ဗိုလ်ချုပ်တွေ ပင်စင်ယူခါနီးရင် ရာထူးတဆင့်တိုးပေးပြီး အဲသလိုနဲ့ ပင်စင်စားစေတာ။ တကယ်အရေးပါတဲ့ တာဝန်တွေနဲ့ အလုပ်လုပ်နေတဲ့ ဗိုလ်ချုပ်ကြီးက ၃၀၀ လောက်ပဲရှိတယ်။ အခုစဉ်းစားချက်က ခံစားခွင့်ယူ၊ ပင်စင်စောစောယူ၊ စစ်တပ်က နားပေါ့။ စစ်တပ်ကိုလည်း ကျစ်လျစ်အောင်လုပ်နိုင်မယ်။ တကယ် ပြုပြင်ပြောင်းလဲရေးလည်း ဖြစ်နိုင်မယ်ဆိုတယ်။ [ဒါပေမယ့် ဝေဖန်မှုရှိကြတာက စစ်တပ်ဘတ်ဂျက်ရဲ့ ၀.၄% ကိုပဲ နည်းပညာဖွံ့ဖြိုးရေးအင်စတိကျုအတွက် သုံးမှာဆိုတဲ့အချက်၊ နည်းနေတယ်။]

သူ့နည်းသူ့ဟန်နဲ့ ခရီးတော့ ရောက်သားလို့ မြင်မိတယ်။

အောင်သူငြိမ်း

အကိုးအကား။

Wassana Nanuam, (Jan 28, 2024). Defence, a civilian affair, Bangkok Post.

Editorial. (Jan 15, 2024). Overhauling Defence, Bangkok Post.

ထိုင်းနိုင်ငံ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်