တရုတ်နိုင်ငံက လာမယ့် ၂၀၂၄ ခုနှစ်အတွင်း မျှော်လင့်မထားတဲ့ ရေတပ်တိုက်ပွဲတွေ ရင်ဆိုင်ရဖွယ်ရှိနေသလား

လက်ရှိ ကမ္ဘာနိုင်ငံရေးအခင်းကျင်းတွေမှာ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်နိုင်ငံတွေနဲ့ ရုရှား၊ တရုတ်နိုင်ငံကြား တင်းမာမှုအရှိန် မြင့်တက်လာနေပါတယ်။ တစ်ဖက်နဲ့တစ်ဖက် တိုက်ရိုက်ထိပ်တိုက်တွေ့ဆုံမလားဆိုပြီး စိုးရိမ်မှုများ မြင့်တက်နေချိန်မှာ ပြင်သစ်အကြားမြင်ပညာရှင် နိုစထရာဒါမက်ဆိုသူက ၂၀၂၄ ခုနှစ်အတွင်းမှာ တရုတ်နိုင်ငံဟာ ရေတပ်တိုက် ပွဲတွေ ရင်ဆိုင်ရမယ်လို့ ဟောကိန်းထုတ်ထားပါတယ်။

အဲဒီ ပြင်သစ်အကြားမြင်ပညာရှင်ဟာ လက်ရှိအချိန်မှာ သက်ရှိထင်ရှားမရှိတော့ပေမယ့် သူမသေခင် ရေးသားထုတ်ဝေခဲ့တဲ့ ဟောကိန်းတွေဟာ လက်ရှိအချိန်အထိ မှန်ကန်နေဆဲ ဖြစ်ရာ လူအများကို စိတ်ဝင်စားမှု မြင့်တက်စေခဲ့ပါတယ်။

နိုစထရာဒါမက်အမည်ရှိတဲ့ ပြင်သစ်အကြားမြင်ပညာရှင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ နီးပါးက Les Propheties လက်ပရောဖက်တီအမည်ရှိ ကြိုတင်ဟောကိန်းစာအုပ်ကို ထုတ်ဝေ ခဲ့ပြီး အဲဒီဟောကိန်းတွေထဲမှာ ၂၀၂၄ ခုနှစ်အတွင်း ဖြစ်လာနိုင်တဲ့အချက်တွေကို ကြိုတင်ဟောကိန်းထုတ်ထားပါတယ်။

နိုစထရာဒါမက်ဟာ သူမသေဆုံးခင် ကမ္ဘာကြီးမှာဖြစ်လာနိုင်မယ့် အကြောင်းအရာ အချက်လက်ပေါင်း အနည်းဆုံး ၉၄၂ ချက်ကို စာအုပ်ထဲမှာ ရေးသားဖော်ပြခဲ့ရာ လာမယ့် ၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံက ရေတပ်တိုက်ပွဲတွေ ရင်ဆိုင်ရမယ့်ဆိုတဲ့အချက်နဲ့ ပုပ်ရဟန်းမင်းကြီး အပြောင်းအလဲဖြစ်မယ်ဆိုတဲ့ အချက်တွေပါဝင်နေပါတယ်။

ပြင်သစ်အကြားမြင်ပညာရှင်ရဲ့ ကြိုတင်ဟောကိန်းထဲမှာ “ တိုက်ပွဲတွေ၊ ရေတပ်တိုက်ပွဲတွေ ဖြစ်လာမယ်။ အနီရောင်ရန်သူဟာ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ ရင်ဆိုင်ရမယ်။ သမုဒ္ဒရာ ကြီးကို ကြောက်လန့်စေမယ်။” လို့ ဖော်ပြထားပါတယ်။

နိုစထရာဒါမက်ရဲ့ ၂၀၂၄ ခုနှစ်အတွင်း ဖြစ်လာနိုင်တဲ့ ကြိုတင်ဟောကိန်းတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူများက အနီရောင်ရန်သူဆိုတာ တရုတ်နိုင်ငံကို ရည်ညွှန်းပြောဆိုခြင်းဖြစ် ပြီး သမုဒ္ဒရာကြီးဆိုတာ အိန္ဒိယသမုဒ္ဒရာကို ရည်ရွယ်တာဖြစ်ကြောင်း ပြန်လည်သုံးသပ်ပြောဆိုကြပါတယ်။

တရုတ်နိုင်ငံဟာ လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်မှု မရှိသလို၊ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ ထိုင်ဝမ်တို့နဲ့ ပိုင်နက်နယ်မြေ အငြင်းပွား မှုတွေရှိနေပြီး မကြာခဏ ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပေါ်လျက်ရှိနေပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို တရုတ်နိုင်ငံပိုင်နက်ဖြစ်တယ်လို့ ပြောဆိုထားပြီး၊ ထိုင်ဝမ်က တရုတ်လက်အောက်က ခွဲထွက်ကာ ကိုယ်ပိုင်လွတ်လပ်ရေးရယူဖို့ ကြိုးပမ်းနေပါတယ်။ တရုတ်အစိုးရဟာ ထိုင်ဝမ်ကို ဖိအားပေးနိုင်ဖို့ ထိုင်ဝမ်ကျွန်းပတ်ဝန်းကျင်နားကို စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်များနဲ့ မိုးပျံပူဖောင်းများ ကျူးကျော်ဝင်ရောက်စေခဲ့ရာ ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုအရှိန် မြင့်တက်လာနေပါတယ်။

ထိုင်ဝမ်ရဲ့မဟာမိတ်ဖြစ်တဲ့ အမေရိကန်နိင်ငံကလည်း တရုတ်ရဲ့ကျူးကျော်မှုကြောင့် စစ်ပွဲဖြစ်လာမယ်ဆိုရင် ထိုင်ဝမ်ကိုကာကွယ်ပေးသွားမယ်လို့ ကတိပြုထားရာ အခြေနေတွေ လက်ရှိထက် ပိုမိုဆိုးလာမယ်ဆိုရင် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းဘက်ခြမ်းကို ကျူးကျော်မှုတွေ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး စိုးရိမ်စရာအခြေနေမျိုးတွေလည်း ရှိနေပါတယ်။ လက်ရှိအချိန်မှာ ထိုင်ဝမ်အရေးပြဿနာကို သံတမန်ရေးနည်းလမ်းအသုံးပြုပြီး မဖြေရှင်းပဲ တရုတ်နိုင်ငံက ကျူးကျော်ဝင်ရောက်မှုတွေ ဆက်လက်လုပ်ဆောင်မယ်ဆိုရင် တရုတ် နဲ့ထိုင်ဝမ်ကြား ထိပ်တိုက်တွေ့ဆုံမယ့် အလားလာတွေရှိနေတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင့်က ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို မလွဲမသွေလုပ်ဆောင်မှာဖြစ်ပေမယ့် လိုအပ်လာမယ်ဆိုရင် အင်အားသုံးဖြေရှင်းမယ်လို့ ပြောခဲ့ပါတယ်။ ထိုင် ဝမ်ဟာ အမေရိကန်နိုင်ငံရဲ့ အကူညီရယူပြီး တရုတ်လက်အောက်က ခွဲထွက်မှုတွေလုပ်ဆောင်ဖို့ ကြိုးပမ်နေရာ လာမယ့်နှစ်အတွင်း ကျင်းပမယ့် ထိုင်ဝမ်ရွေးကောက်ပွဲအပြီး ထွက် ပေါ်လာမယ့် အစိုးရအသစ်က တရုတ်နိုင်ငံနဲ့ အငြင်းပွားမှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။

ထိုင်ဝမ်အစိုးအသစ်ဟာ လက်ရှိအစိုးရပုံစံအတိုင်း တရုတ်နိုင်ငံနဲ့ ပြန်လည်ပေါင်းစည်းရေးကို ငြင်းဆန်နေမယ်ဆိုရင် ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံကြား အငြင်းပွားမှုတွေ ပိုမိုဖြစ်လာဖွယ် ရှိနေပြီး ထိပ်တိုက်တွေ့ဆုံလာဖွယ်ရှိနေပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး အာဆီယံဒေသအတွင်းရှိ နိုင်ငံအချို့နဲ့ ပိုင်နက်နယ်မြေ အငြင်းပွားမှုများရှိနေရာ တင်းမာမှုတွေ၊ အငြင်းပွားမှုတွေလည်း ယခင်ထက် ပိုမိုဖြစ်လာနေပြီး အထူးသဖြင့် အမေရိကန်နိုင်ငံရဲ့ စစ်ရေးမဟာမိတ်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံကြား ထိပ်တိုက်တွေ့ဆုံမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိနေပါတယ်။

တရုတ်နိုင်ငံနဲ့ ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်လာခဲ့ပြီးနောက် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့် ဂျူနီယာကိုယ်တိုင်ကလည်း ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ပိုင်နက်နယ်မြေ တစ်လက်မမှ စွန့် လွှတ်ဆုံးရှုံးခံမှာမဟုတ်ဘူးလို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားသလို၊ ဖိလစ်ပိုင်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကလည်း တရုတ်နိုင်ငံရဲ့လုပ်ရပ်တွေကို မကြာခဏဝေဖန်ပြစ်တင်ခဲ့ ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလနောက်ပိုင်းကတည်းက တရုတ်နဲ့ ဖိလစ်ပိုင်ကမ်းခြေစောင့် သင်္ဘောတွေဟာ တောင်တရုတ်ပင်လယ်အတွင်း ထိပ်တိုက်တွေ့ဆုံမှု ပိုမိုမြင့်တက်လာနေပြီး တ ရုတ်စစ်သင်္ဘောတွေက ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ သင်္ဘောတွေကို စစ်သင်္ဘောတွေနဲ့ ဝင်တိုက်တာ၊ ဟန့်တားနှောက်ယှက်တာတွေ ပိုမိုလုပ်ဆောင်လာနေပါတယ်။

ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက တရုတ်အစိုးရဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ အခက်အခဲပြဿနာတွေ ပိုမိုဖြစ်လာအောင် ဖန်တီးနေပြီး တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံကြား ဆက်ဆံရေးက အဆိုးဆုံးအခြေနေမျိုးကို ရောက်ရှိနေတယ်လို့ သတိပေးထားပါတယ်။ ဖိလစ်ပိုင်ဟာ အမေရိကန်နိုင်ငံရဲ့ စစ်ရေးမဟာမိတ်နိုင်ငံဖြစ်ရာ ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံကြား စစ်ဖြစ်လာမယ်ဆိုရင် အမေရိကန်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံဘက်က ကြားဝင်လာဖွယ်ရှိနေပါတယ်။

ဖိလစ်ပိုင်ဟာ တရုတ်နိုင်ငံနဲ့ အငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်နဲ့ ဆက်ဆံရေးကောင်းမွန်အောင် ပိုမိုလုပ်ဆောင်ခဲ့ကာ နိုင်ငံအတွင်း အမေရိကန်စစ်သားတွေ ပိုမို ဖြန့်ကြတ်ချထားဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ဖိလစ်ပိုင်နိုင်ငံနဲ့ အမေရိကန်နိုင်ငံကြား ဆက်ဆံရေးကောင်းမွန်နေခြင်းကို စိတ်ဆိုးဒေါသဖြစ်နေပြီး သတိပေးမှုတွေ မကြာ ခဏလုပ်ဆောင်နေပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင်နိုင်ငံနဲ့ဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံကို ပြင်းထန်တဲ့သတိပေးမှုတွေ လုပ် ဆောင်ခဲ့ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးအခြေနေက လမ်းဆုံလမ်းခွဘက်ကို ရောက်ရှိနေပါတယ်။

တရုတ်နိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံကြား ပိုင်နက်နယ်မြေ အငြင်းပွားမှုတွေဟာ ယခင်ကတည်းကဖြစ်ပွားနေခဲ့ပြီး ပိုင်နက်နယ်မြေ အငြင်းပွားမှုတွေကြောင့် ၂၀၁၆ ခုနှစ်အတွင်း နိုင်ငံတ ကာခုံရုံးအထိ ရောက်ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ထရီလီယံနဲ့ ၃ ထရီလံကြားရှိ ကုန်စည်သင်္ဘောများ ဖြတ်သန်းနေတဲ့ တောင်တရုတ်ပင်လယ်အတွင်း ရှိ ပိုင်နက်နယ်မြအားလုံးရဲ့ ၈၀ ရာ ခိုင်နှုန်းကို ပိုင်ဆိုင်တယ်လို့ ပြောဆိုရာမှ အာဆီယံဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်အပါအဝင် အနည်းဆုံး နိုင်ငံပေါင်း ငါးနိုင်ငံနဲ့ ပိုင်နက်နယ်မြေ အငြင်းပွားနေခဲ့တာ ဖြစ်ပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင်တို့ဟာ ၂၀၁၆ ခုနှစ်က တောင်တရုတ်ပင်လယ်အတွင်း ပိုင် နက်နယ်မြေ အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာခုံရုံး အဆုံးအဖြတ်ခံယူခဲ့ရာ ခုံရုံးက တရုတ် နိုင်ငံရဲ့တင်ပြချက်တွေကို ငြင်းဆန်ပယ်ချကာ ဖိလစ်ပိုင်နိုင်ငံကို အနိုင်ပေးခဲ့ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံဟာ နိုင်ငံတကာခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို လက်ခံခြင်းမရှိပဲ လက်ရှိအချိန် အထိ တောင်တရုတ်ပင်လယ်အတွင်းမှာ ပိုင်နက်နယ်မြေ အငြင်းပွားမှုတွေ ရှိနေဆဲဖြစ်ပါတယ်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့် ဂျူနီယာက တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံကြား ဆက်ဆံရေးဟာ အဆိုးဘက်ကို ဦးတည်နေတယ်လို့ ဆိုခဲ့ပါတယ်။ ဖိလစ်ပိုင်အစိုးရဟာ တရုတ်နဲ့ အငြင်းပွားမှုအရှိန် မြင့်တက်လာခဲ့ပြီးနောက် အမေရိကန်၊ ဂျပန်နိုင်ငံတို့အပါအဝင် ဒေသအတွင်း အင်အားကြီးနိုင်ငံအချို့နဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခဲ့ပါတယ်။ ဖိလစ်ပိုင်နဲ့ အမေရိကန်နိုင်ငံကြား ဆက်ဆံရေးကောင်းမွန်မှုကို မကျေနပ်တဲ့အတွက် တရုတ်အစိုးရက သတိပေးပြောဆိုမှုတွေလုပ်ခဲ့ပြီး မကြာသေးမီက တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်တွေကြောင့် နှစ်နိုင်ငံကြား ထိပ်တိုက်တွေ့ဆုံလာနိုင်သလားဆိုပြီး မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက “ တောင်တရုတ်ပင်လယ်အရေး ပိုင်နက်နယ်မြေကိစ္စတွေနဲ့ပတ်သက်ပြီး တွက်ချက်မှု မှားယွင်းခဲ့မယ်ဆိုရင်တော့ ထိုက်တန်တဲ့တုံ့ပြန်မှုတွေ ရင်ဆိုင်သွားမယ်။ အငြင်းပွားမှုတွေကို တွေ့ဆုံဆွေးနွေးမှုတွေကတဆင့် ဆွေးနွေးဖြေရှင်းစေလိုတယ်။” လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံကြား တင်းမာမှုအရှိန် မြင့်တက်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်နိုင်ငံဟာ တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံကြား စစ်ဖြစ်လာရင် စစ်ရေးမဟာမိတ်စာချုပ်အရ ဖိလစ်ပိုင်နိုင်ငံဘက်က ပါဝင်မှာဖြစ်တယ်လို့ ကြိုတင်သတိပေးထားဖူးပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ဒေသအတွင်းနိုင်ငံတွေနဲ့ လက်ရှိအချိန်မှာဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေကို လျော့ချဖို့လိုအပ်နေပြီး၊ မျှော်လင့်မထားတဲ့ အမှားအယွင်းတွေဖြစ်လာမယ်ဆိုရင် အငြင်းပွားမှုတွေ၊ ထိပ်တိုက်တွေ့ဆုံမှုတွေက စစ်ပွဲအထိ ဦးတည်လာဖွယ်ရှိနေတယ်လို့ ထင်ကြေးပေးမှုတွေရှိနေပါတယ်။

တရုတ်နိုင်ငံဟာ လာမယ့် ၂၀၂၄ ခုနှစ်အတွင်းမှာ ရေတပ်တိုက်ပွဲတွေ ရင်ဆိုင်ရမယ်ဆိုတဲ့ ပြင်သစ်အကြားအမြင်ပညာရှင်ရဲ့ ကြိုတင်ဟောကိန်း မှန်မလားဆိုတာ စောင့်ကြည့်ရဖွယ် ရှိနေပါတယ်။

#ကောင်းထက်ငွေ

Ref wion၊ bbc၊ straitetime

#ယနေ့ခေတ်

တရုတ်နိုင်ငံက လာမယ့် ၂၀၂၄ ခုနှစ်အတွင်း မျှော်လင့်မထားတဲ့ ရေတပ်တိုက်ပွဲတွေ ရင်ဆိုင်ရဖွယ်ရှိနေသလား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်