ဇာတ်ရှိန်မြင့်လာသည့် ထိုင်းနိုင်ငံရေး မြင်ကွင်း

ထင်လင်း(ပုသိမ်)

ပြီးခဲ့သည့်မေလက ကျင်းပခဲ့သည့် ထိုင်းရွေးကောက်ပွဲတွင် အောက်လွှတ်တော်နေရာ ဒုတိယအများဆုံး အနိုင်ရရှိခဲ့သည့် ဖြူထိုင်းပါတီက ၎င်းဦးဆောင်သည့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် လွှတ်‌တော်နေရာအများဆုံး အနိုင်ရရှိခဲ့သည့် ရှေ့သို့လှမ်းချီပါတီ (Move Forward Party-MFP) နှင့် ဩဂုတ်လ ပထမရက်သတ္တပတ်အတွင်း ကတ္တီပါလမ်းခွဲ ခဲ့သည်။

ထိုသို့လမ်းခွဲရသည့်အကြောင်းမှာလည်း ရှေ့သို့လှမ်းချီပါတီ (MFP) က ထိုင်းရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၁၂ ပြင်ဆင်ရေး အဆိုပြုထားမှုနှင့်ပတ်သက်ပြီး ဖြူထိုင်းပါတီနှင့် MFP ပါတီတို့အကြား ညှိနှိုင်း၍မရခြင်းကြောင့်ပင်။ (ထိုင်းရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၁၂ ဆိုသည်မှာ ထိုင်းစည်းမျဉ်းခံဘုရင်စနစ်အပါအဝင် လက်ရှိဘုရင်နှင့် တော်ဝင်မိသားစု အသိုင်း အဝိုင်းကို အသ‌ရေဖျက်ခြင်း၊ စော်ကားခြင်းနှင့် ခြိမ်းခြောက်မှုများ ပြုလုပ်လျှင် ပြစ်ဒဏ်ကျခံရမည့် ဥပဒေပုဒ်မဖြစ်သည်။) ထိုင်းညွန့်ပေါင်းအစိုးရဖွဲ့စည်းရာတွင် ရွေးကောက်ခံမ ဟုတ်သည့် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် အထက်လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမဲများ လိုအပ်လျက်သည်။ သို့သော်လည်း ဘန်ကောက်အခြေပြု အီလိများ က ထိုင်းရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၁၂ နှင့်ပတ်သက်ပြီး လုံးဝဥဿုံအထိမခံလျက်ရှိရာ ဖြူထိုင်းပါတီအနေဖြင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးအတွက် ဘေးကြပ်နံကြပ်အခြေအ နေကြားကပင် ထိုင်းလူထုထောက်ခံမှု အများဆုံးရရှိထားသည့် ရှေ့သို့လှမ်းချီပါတီနှင့် အစိုးရဖွဲ့စည်းရေး မဟာမိတ်ပါတီဝင်အဖြစ်မှ လမ်းခွဲခဲ့ရခြင်းဖြစ်သည်။

နိုင်ငံရေး၏ သဘောသဘာဝကား “လွယ်မယောင်နဲ့ ခက်၊ တိမ်မယောင်နဲ့ နက်” ဖြစ်တတ်ပြီး သာမန်ပြည်သူအများစု သိရှိကြရသည့် ဖြစ်ရပ်များနောက်ကွယ်တွင် နိုင်ငံရေးအီလိ များက ၎င်းတို့၏အကျိုးစီးပွားအသီးသီးအတွက် အကြိတ်အနယ်စေ့စပ်ဆွေးနွေးပြီး အပေးအယူလုပ်ကာ သဘောတူညီမှုများ အပြန်အလှန် ကြိုတင်ရယူထားသည့်ဖြစ်စဉ်များ ရှိ ကြစမြဲပင်ဖြစ်သည်။

(စာရေးသူ။ ။ရွေးကောက်ပွဲမတိုင်ခင်ကပင် ဘုရင်စနစ်ကို အထိမခံသည့် ဘန်ကောက်အခြေပြုအီလိများနှင့် သက်ဆင်နောက်ကွယ်မှကြိုးကိုင်သည့် ဖြူထိုင်းပါတီတို့အကြား အပေး အယူရှိခဲ့ကြဟန်တူသည်။ ဖြစ်နိုင်သည့်အပေးအယူမှာ ဖြူထိုင်းပါတီအနေဖြင့် ရွေးကောက်ပွဲတွင် ၎င်းတို့ပါတီ အောက်လွှတ်တော်နေရာအများစု အနိုင်ရရှိမည် သို့မဟုတ် ဒုတိယ မြောက် အောက်လွှတ်တော်နေရာ အများစုရရှိနိုင်သည့် အနာဂတ်ရှုမျှော်ခင်းများကို ကြိုတင်တွက်ချက်မျှော်တွေးပြီး အစိုးရဖွဲ့စည်းနိုင်ရေးလမ်း ဖြောင့်ဖြူးရန်အတွက် ဘန်ကောက် အခြေပြု အီလစ်များအား ထိုင်းရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၁၂ ကို (လုံးဝ) မထိဘူးဆိုသည့်အာမခံချက် ပေးထားမှုပင်ဖြစ်သည်။ ထိုင်းနိုင်ငံရေးမှာ တစ်ဂူထဲ ခြင်္သေ့ ၂ ကောင် မ အောင်းဘူးဆိုသကဲ့သို့ ယခင်ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်းကိုပြည်တော်ပြန်ခါနီးမှာပဲ ပရာယွတ်က နိုင်ငံရေးကအနားယူသွားခဲ့သည်။ အကယ်၍ ပရာယွတ် နိုင်ငံ ရေးလောကမှာရှိလျက်နှင့် သက်ဆင်ပြည်တော်ပြန်လာပြီး မည်ကဲ့သို့သောပြစ်ဒဏ်မှ အပေးမခံရပဲ ဖြူထိုင်းပါတီခေါင်းကိုင် Mastermind အနေဖြင့် ထင်ထင်ပေါ်ပေါ် ဖြစ်နေပါက ပရာယွတ်၏ နိုင်ငံရေးရပ်တည်ချက် ဘာဖြစ်သွားမည်နည်း။ ဆိုရသော် ထိုင်းရွေးကောက်ပွဲမတိုင်ခင်က အနှီပုဂ္ဂိုလ်နှစ်ဦး၏ စေ့စပ်ဆွေးနွေးသဘောတူခဲ့ကြသည့် Deal တွေကို ပို စိတ်ဝင်စားမိသည်။ ထိုင်း‌ရွေးကောက်ပွဲအပြီး လူသိရှင်ကြားရလဒ်များက ရွေး ကောက်ပွဲမတိုင်ခင် ကန့်လန့်ကာနောက်ကွယ်က အဆိုပါ နိုင်ငံရေးအီလိနှစ်ဘက်ကြားက သဘော တူညီခဲ့မှုများ၏ အကျိုးဆက်များပင် ဖြစ်နိုင်သည်။ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ဘာ့ကြောင့်ကြိုတင် Deal လုပ်နိုင်ခဲ့ကြနည်း ဆိုသည်ကတော့ နှစ်ဘက်လုံးက အနာဂတ် ရှုမျှော်ခင်း (Future Scenarios) များကို တွက်ချက်ဆန်းစစ်ခဲ့ကြကာ ၎င်းတို့၏အကျိုးစီးပွား အသီးသီးအတွက် အပြန်အလှန်သဘောတူပြီးခဲ့ကြ၍ ဖြစ်နိုင်သည်။)

သို့ဖြစ်ရာ ရွေးကောက်ပွဲအလွန် ထိုင်းနိုင်ငံရေးမြင်ကွင်းမှာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာပြီဖြစ်သည်။ တစုံတရာအကြောင်းတရားများ မပေါ်ပေါက်ခဲ့ပါက ဖြူထိုင်းပါတီက ၎င်းတို့ ၏ဝန်ကြီးချုပ်လောင်းကို ရွေးချယ်ခန့်အပ်ပြီး လွှတ်တော်မှာ ကိုယ်စားလှယ်အများစု၏မဲဖြင့် ရွေးကောက်တင်မြှောက်နိုင်တော့မည်ဖြစ်သည်။ ဖြူထိုင်းပါတီကိုယ်တိုင်ကလည်း ၎င်း တို့အနေဖြင့် ထိုင်းနိုင်ငံရေးတည်ငြိမ်မှုရှိစေရန် ပါတီများညွန့်ပေါင်းဖွဲ့သည့်ကိစ္စများနှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးအတွက် ပြင်ဆင်မှုများကို သေချာစွာချိန်ဆဆောင်ရွက်လျက်ရှိ သည်။

ဖြူထိုင်းပါတီအနေဖြင့် ထိုင်းလူထုအများအပြား၏ ထောက်ခံမှုရရှိထားသည့် ရှေ့သို့လှမ်းချီပါတီမှ ‌ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များအား ၎င်းဖွဲ့စည်းမည့် ညွန့်ပေါင်းအစိုးရ အတွင်း နိုင်ငံရေးရာထူးများ ခွဲဝေတာဝန်ပေးနိုင်သကဲ့သို့ ဘုရင်စနစ်လိုလားသည့် ဘန်ကောက်အခြေပြု နိုင်ငံရေးအီလစ်တချို့ကိုလည်း အစိုးရအဖွဲ့ဝင် ရာထူးတချို့ပေးအပ်ပြီး ထိုင်း နိုင်ငံရေးတည်ငြိမ်စေရန် ကြိုးပမ်း‌ဆောင်ရွက်လာနိုင်သည်။

သို့သော်လည်း တဖက်တွင် ရှေ့သို့လှမ်းချီပါတီကို အောက်လွှတ်တော်နေရာအများစု အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့ကြသည့်လူထုကို ဖြူထိုင်းပါတီဘက်က မည်ကဲ့သို့ ရှင်းပြနား ချနိုင်မည်လဲဆိုသည်ကလည်း စောင့်ကြည့်ရဦးမည်ဖြစ်သည်။

“ ထို့အပြင် လက်ရှိအနေအထားများအရ ဖြူထိုင်းပါတီကိုယ်တိုင် ဘုရင်စနစ်လိုလားသည့် ဘန်ကောက်အခြေပြု အီလိပါတီများနှင့် ပူးပေါင်းဖွဲ့မည့် ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေး အစီအစဉ်နှင့်ပတ်သက်ပြီး ရှေ့သို့လှမ်းချီပါတီ (MFP) ဘက်က တစုံတရာဆန့်ကျင်မှုမရှိစေရန် စေ့စပ်ဆွေးနွေးရဦးမည်ဖြစ်သည်။”

ထို့အပြင် လက်ရှိအနေအထားများအရ ဖြူထိုင်းပါတီကိုယ်တိုင် ဘုရင်စနစ်လိုလားသည့် ဘန်ကောက်အခြေပြု အီလိပါတီများနှင့် ပူးပေါင်းဖွဲ့မည့် ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေး အစီ အစဉ်နှင့်ပတ်သက်ပြီး ရှေ့သို့လှမ်းချီပါတီ (MFP) ဘက်က တစုံတရာဆန့်ကျင်မှုမရှိစေရန် စေ့စပ်ဆွေးနွေးရဦးမည်ဖြစ်သည်။ ဖြူထိုင်းပါတီ၏ ညွန့်ပေါင်းအစိုးရဖွဲ့စည်းမည့် အစီ အစဉ်အပေါ် MFP ဘက်က တစုံတရာဆန့်ကျင်မှု ရှိ/ မရှိဆိုသည်ကလည်း MFP ကို ဆန္ဒမဲပေးခဲ့ကြသည့် ပြည်သူများ၏ သဘောထားအပေါ် လွှမ်းမိုးမှုရှိလိမ့်မည်ဖြစ်သည်။ တဖက် တွင် အဆင်ပြေပြေဖြင့် ညွန့်ပေါင်းအစိုးရ မဖွဲ့နိုင်ပါက ထိုင်းနိုင်ငံရေးသည် မတည်ငြိမ်မှုများ ဆက်လက်ကြုံတွေ့ရနိုင်ကာ ဖြစ်နိုင်ချေနည်းသော်လည်း ထိုင်းပြည်သူများအနေဖြင့် ပူပူနွေးနွေးလတ်ဆတ်ဆဲရှိသေးသည့် အတိတ်ဝဲဩဃထဲသို့ တဝဲလည်လည်ပြန်လည်ကျရောက်နိုင်ပေသေးသည်။

ပေါ်ထွန်းလာမည့် မည်သည့်ထိုင်းအစိုးရမဆို ထိုင်းနိုင်ငံ၏ ဆိုးရွားနေသည့် စီးပွားရေးနှင့် လူမှုရေးကဏ္ဍဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် မဖြစ်မနေကြိုးပမ်းဆောင် ရွက်ကြရမည်ဖြစ်သည်။ အဆိုပါ စိန်ခေါ်မှုများထဲကတစ်ခုမှာ တိုင်းပြည်ဝင်ငွေ (ဝါ) စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) တန့်ရပ်နေမှုနှင့် လူမှုရေးမညီမျှမှုဆိုင်ရာ ပြဿနာ များမှာ လာမည့်ထိုင်းနိုင်ငံအစိုးရ အရေးတကြီးဖြေရှင်းရမည့် အဓိကစိန်ခေါ် မှုများပင်ဖြစ်သည်။ ထို့အပြင် ထိုင်းနိုင်ငံအနေဖြင့် ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးအတွက် အရေးကြီး သည့် အကြောင်းတရားဖက်တာများဖြစ်သည့် နိုင်ငံတကာစျေးကွက်တွင် ထိုင်းပို့ကုန်များ ယှဉ်ပြိုင်နိုင်ရေး၊ ပညာရေးနှင့် နည်းပညာတီထွင်ဆန်းသစ်မှု နယ်ပယ်များတွင် ပြုပြင် ပြောင်းလဲမှုများလုပ်ဆောင်ရန် လိုအပ်နေသေးသည်။ သို့မှသာ ထိုင်းနိုင်ငံအနေဖြင့် နည်းပညာမြင့်ထုတ်ကုန်လုပ်ငန်းသစ်များ တိုးမြင့်ဖော်ဆောင်နိုင်မှုအပါအဝင်၊ ကမ္ဘာတဝန်း ပင် မရေစီးကြောင်း ကားထုတ်လုပ်ရေးပုံစံဖြစ်လာသည့် လျှပ်စစ်ကားထုတ်လုပ်ရေးအတွက် ပိုမိုစိုင်းပြင်းလုပ်ဆောင်နိုင်မည်ဖြစ်သည်။

အချုပ်ဆိုရသော် ကိုဗစ်ကမ္ဘာ့ကပ်ရောဂါကြောင့် ကမ္ဘာတလွှား စီးပွား‌ရေးဆုတ်ယုတ်ကျဆင်းမှု ကြုံတွေ့နေရသည့်အပြင် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ အင်ဒို-ပစိဖိတ်ဒေသတွင်း ပထဝီနိုင်ငံရေးအားပြိုင်မှုများကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို အရှေ့တောင်အာရှဒေသ (အာဆီယံ) မှ နိုင်ငံများလည်း ခံစားရလျက်ရှိပေသည်။ သို့ဖြစ်ရာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ဖြစ်သည့် ထိုင်းနိုင်ငံအနေဖြင့် ပြင်ပအပူနဲ့ အတွင်းအပူ ဘက်ပေါင်းစုံရိုက်ခတ်မှုဒဏ်မခံရစေရန် နိုင်ငံတွင်းအင်အားစုအသီးသီးအနေဖြင့် မိမိတို့နိုင်ငံတည်ငြိမ် ရေးအတွက် အပြန်အလှန်အပေးအယူအလျှော့အတင်းများပြုလုပ်ကာ တိုင်းပြည်အတွက် အကောင်းဆုံးရွေးချယ်မှုများကို ပြုလုပ်နိုင်ကြလိမ့်မည်ဟု အပြုသဘောဖြင့် မျှော်လင့်မိ ပါသည်။

ထင်လင်း (ပုသိမ်)

ကိုးကား။ ။ EAST ASIA FORUM, Thai PBS World

#ယနေ့ခေတ်

ဇာတ်ရှိန်မြင့်လာသည့် ထိုင်းနိုင်ငံရေး မြင်ကွင်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်