၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးနှင့် တွေ့ဆုံမေးမြန်းခြင်း

သီဟ

“ဒီကြားထဲမှာဘာရှိလဲဆိုတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည့်နဲ့ တွေ့တဲ့အခြေအနေတွေ ဖြစ်လာတာတွေရှိတယ်။ ဆိုတော့ ဒါတွေက ဘာတွေဆက်ဖြစ်အုံးမလဲ ဆိုတာတော့မပြောတတ်ဘူး။ ကောင်းတဲ့အခြေအနေတွေ ဖြစ်လာမယ်ဆိုလဲ ကျွန်တော်တို့တိုင်းပြည်အတွက် ကောင်းတာပေါ့။ ဒီအခြေအနေရဲ့ ဖြစ်ပေါ်တိုးတက်မှုကိုလဲ ကျွန်တော် တို့ သတိကြီးကြီးနဲ့ စောင့်ကြည့်နေတယ်။ အဓိကကတော့ဗျာ တိုင်းပြည်ကောင်းဖို့တော့ လိုတယ်လို့ ကျွန်တော်တို့မြင်တယ်လေ။ လူတော်တော်များများကတော့ စီးပွားရေးဘဝ မွန်းကျပ်တာတွေရော နိုင်ငံရေးဘဝ မွန်းကျပ်တာတွေရောနဲ့ ထွက်ပေါက်မရှိဘူး ဖြစ်နေတယ်။”

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ နိုင်ငံတစ်ဝှမ်းလုံးအား အရေးပေါ်အခြေအနေကြေညာကာ နိုင်ငံ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်သုံးရပ် လုံးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ယူခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များပုဒ်မ ၄၁၇ အရ ထိုသို့အရေး ပေါ်အခြေအနေကြေညာပါက ကြေညာသည့်နေ့မှ တစ်နှစ်အထိ သည် နိုင်ငံ၏အရေးပေါ်အခြေအနေဖြစ်ပြီး ပုဒ်မ ၄၁၈ (က) အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံ၏အာဏာသုံးရပ်ကိုလွှဲအပ်ကြောင်း ကြေညာရမည်ဟု ပြဌာန်းထား သည်။

အကယ်၍ တစ်နှစ်ပြည့်မြောက်ပြီးချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးအပ်ထားသည့်တာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခြင်း မရှိသေးသဖြင့် သတ်မှတ်အ ချိန်တိုးမြှင့်ပေးရန် တင်ပြလာပါက ပုဒ်မ ၄၂၁(ခ) အရ တစ်ကြိမ်လျင်ခြောက်လအထိနှင့် နှစ်ကြိမ်အထိတိုးမြှင့်ပေးနိုင်သည်ဟု ပြဌာန်းထားသည်။

သို့သော် သတ်မှတ်ကာလ စုစုပေါင်းနှစ်နှစ်ပြည့်မြောက်သည့်အချိန်အထိ တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးလျင် ပုဒ်မ ၄၂၅ အရ နောက်ထပ်ခြောက်လစီ နှစ်ကြိမ်တိုးမြှင့်ပေးနိုင်သည်ဟု ပြဌာန်းထားသည်။

ထို့ကြောင့် ယခုလာမည့်ဇူလိုင်လကုန်သည် လုံခြုံရေးနှင့်တည်ငြိမ်ရေးလိုအပ်ချက်အရ နှစ်နှစ်ပြည့်မြောက်ပြီး နောက်ထပ်မံတိုးထားသည့် ခြောက်လသက်တမ်း ပြီးမြောက်မည်ဖြစ် သည်။ ထိုကာလနောက်ပိုင်းတွင် နောက်ထပ် ခြောက်လသက်တမ်းထပ်တိုးမည်လား သို့မဟုတ် နိုင်ငံအခြေအနေ တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်မည်လားဆိုသည်ကို ကိုမြအေး (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်) အား ယနေ့ခေတ်ကတွေ့ဆုံမေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။

မေး။     ။ ဒီလကုန်ပြီးရင် အရေးပေါ်ကာလ နှစ်နှစ်အပြင် နောက်ထပ်တိုးထားတဲ့ ခြောက်လသက်တမ်းပါ ပြည့်တော့မှာပေါ့ အဲ့ဒီတော့ ဒီလကုန်ပြီးနောက်ပိုင်းမှာ ဘာတွေဆက်ဖြစ် လာမယ်ထင်လဲ။

ဖြေ။     ။ အခုအခြေအနေရဆိုရင်တော့ နစကရဲ့ လက်ရှိလမ်းပြမြေပုံအရဆိုရင်တော့ ရွေးကောက်ပွဲလုပ်ပေးမယ်လို့ ပြောထားပေမယ့် သက်တမ်းကလဲ နှစ်နှစ်ကျော်လာလို့ နောက်ထပ်ခြောက်လတိုးထားရတဲ့ အခြေအနေလေ သာမန်အခြေအနေမဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်ပေါ်မှာသွားတာကို ကျွန်တော်ကတော့ ဒီအတိုင်းပဲ ပြန်လာလိမ့်မယ်လို့ ထင်တယ်။ ရွေးကောက်ပွဲကလဲ လက်တွေ့အရကြည့်မယ်ဆိုရင် လုပ်လို့ရတဲ့ အခြေအနေမရှိဘူး နိုင်ငံရဲ့တည်ငြိမ်မှုအခြေအနေကလဲ ကျွန်တော့်အမြင်အရတော့ တပြည်လုံးကိုလွှမ်း ခြုံပြီး တည်ငြိမ်နိုင်တဲ့အခြေအနေ မတွေ့သေးဘူး။ မကွေး၊ စစ်ကိုင်း၊ ချင်း၊ ကရင်နီ၊ ကရင်၊ ကချင်ပေါ့ဗျာ အများကြီးပဲဗျ ဒေသတွေအကုန်လုံးမှာ တိုက်ပွဲတွေဖြစ်နေတယ်။ ပြဿ နာတွေဖြစ်နေတဲ့ အခြေအနေတွေလဲ ရှိသေးတယ်ဆိုတော့.. ဒါတစ်ချက်ပေါ့။ နောက်တစ်ခုက ရွေးကောက်ပွဲကလဲ ဒီအတိုင်းလုပ်လို့မရဘူးလို့ ကျွန်တော်မြင်တယ်။ ရွေးကောက်ပွဲ လုပ်မယ်ဆို ရင် ပါဝင်သင့်ပါဝင်ထိုက်တဲ့သူတွေ ပါနိုင်တဲ့အခင်းအကျင်းမျိုးတော့ ဖန်တီးဖို့တော့လိုမယ်လို့ ကျွန်တော်ထင်တယ်။ အားလုံးပါနိုင်တဲ့ အခင်းအကျင်းကို ဖန်တီးတဲ့အခါ မှာလဲ သမမျှတတဲ့ နိုင်ငံရေးရာသီဥတုရှိရမယ်လို့ ကျွန်တော်တော့မြင်တယ်ဗျ။ ဒါကြောင့် လက်ရှိအခြေအနေကို ပြောမယ်ဆိုရင်တော့ ရွေးကောက်ပွဲက လုပ်နိုင်တဲ့အခြေအနေ မရှိ ဘူးလို့ ကျွန်တော်မြင်တယ်။ တစ်ဖက်ကလဲ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေ ဒီကြားထဲမှာဘာရှိလဲဆိုတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည့်နဲ့ တွေ့တဲ့အခြေအနေ တွေ ဖြစ်လာတာတွေရှိတယ်။ ဆိုတော့ ဒါတွေက ဘာတွေဆက်ဖြစ်အုံးမလဲဆိုတာတော့ မပြောတတ်ဘူး။ ကောင်းတဲ့အခြေအနေတွေ ဖြစ်လာမယ်ဆိုလဲ ကျွန်တော်တို့တိုင်းပြည်အ တွက် ကောင်းတာပေါ့။ ဒီအခြေအနေရဲ့ ဖြစ်ပေါ်တိုးတက်မှုကိုလဲ ကျွန်တော်တို့ သတိကြီးကြီးနဲ့ စောင့်ကြည့်နေတယ်။ အဓိကကတော့ဗျာ တိုင်းပြည်ကောင်းဖို့တော့လိုတယ်လို့ ကျွန် တော်တို့ မြင်တယ်လေ။ လူတော်တော်များများကတော့ စီးပွားရေးဘဝ မွန်းကျပ်တာတွေရော၊ နိုင်ငံရေးဘဝ မွန်းကျပ်တာတွေရောနဲ့ ထွက်ပေါက်မရှိဘူးဖြစ်နေတယ်။

မေး။     ။ အခုနောက်ပိုင်း တွေ့ဆုံဆွေးနွေးရေးဆိုတာတွေ ပြန်ကြားလာရတော့ အဲ့ဒီအပေါ်မှာ ဘယ်လိုမြင်လဲ။ တွေ့ဆုံဆွေးနွေးရေးလုပ်ရင်ရော ထိရောက်မယ်လို့ထင်လား။

ဖြေ။     ။ အဓိကကတော့ဗျာ တွေ့ဆုံဆွေးနွေးရေးလို့ပြောလိုက်ရင် တော်တော်များများက တစ်မျိုးမြင်တာပေါ့ဗျာ ဒါကလဲ အပြစ်တင်လို့မရဘူးဗျ ဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေနဲ့ ပြန်ကြည့်မယ်ဆိုရင် တွေ့ဆုံဆွေးနွေးရေးမှန်သမျှက အားမျှခြေမရှိတဲ့ အနေအထားဆိုတော့ တစ်ဘက်စောင်းနင်းနိုင်တဲ့ဟာတွေ ဖြစ်ပေါ်လာတာပေါ့။ သို့သော်လဲပဲ တွေ့ဆုံဆွေးနွေး ရေးဆိုတာလဲ နိုင်ငံရေးမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်တယ်ဗျ။ ကျွန်တော့်အမြင်ကတော့။ ဆိုတော့ တွေ့ဆုံပြီးတော့ ငါတို့သဘောထားတွေကတော့ ဒါတွေဒါတွေရှိ တယ်ဆိုပြီး ပြောတာကတော့ ပြသနာမဟုတ်ဘူးလို့ထင်တယ်။ တူချင်မှတူမယ်။ မတူနိုင်ဘူးလေ။ မတူနိုင်လို့ပြသနာဖြစ်နေတဲ့ကိစ္စကို မတူနိုင်တာကို အတင်းကြီးတူအောင်လုပ်ယူ လို့လဲမရဘူးဗျ။ ကျွန်တော်မြင်တာက ဒီနေ့ဒီအချိန်မှာ ကျွန်တော်တို့ လုပ်ရမယ့်ကိစ္စက အားလုံးကစဉ်းစားရမယ့်ကိစ္စက နိုင်ငံကဖြစ်လာတဲ့အခြေအနေ ယိုယွင်းပျက်စီးလာတဲ့ အ ခြေအနေ ကျွန်တော့်အမြင်ဆို နိုင်ငံက Fail State ဖြစ်နေပြီ။ ဆက်သွားရင် ဒိထက်ဆိုးမယ့် အခြေအနေရှိတယ်။ ပြည်သူတွေက ဒီအဆိုးသံသရာထဲမှာပဲ တောက်လျောက်ရှိတော့မှာ ဆိုတော့ နိုင်ငံက ဘယ်လိုပြန်ပြီးတော့မှ  ပြန်ကောင်းအောင်လုပ်မလဲဆိုတဲ့ကိစ္စက  သက်ဆိုင်တဲ့သူအားလုံး စဉ်းစားရမယ့်ကိစ္စဖြစ်လာတယ်။ ဒါက ပြေလည်ကြပါလို့ ကျွန်တော် ပြောနေတာမဟုတ်ဘူး၊ နိုင်ငံရေးကတော့ရှင်းတယ် မူဝါဒမတူရင် ပြေလည်ဖို့လဲ ခက်ခဲတယ်။ ဒါပေမယ့် ပြည်သူကဘာကိုလိုချင်တာလဲ ကျွန်တော်တို့အကုန်လုံးက ပြည်သူလူထုကို ကျောထောက်နောက်ခံပြုပြီးတော့မှ နိုင်ငံရေးလုပ်ရတာ။ နိုင်ငံရေးသမားပဲဖြစ်ဖြစ် နိုင်ငံ့တာဝန်ကို ထမ်းနေတဲ့သူပဲဖြစ်ဖြစ် ကျွန်တော်ပြောတာ ဒီနိုင်ငံအရေးအရာနဲ့ ဆိုင်တဲ့ကိစ္စတွေ မှာ ပါဝင်ပတ်သက်နေတဲ့ သူတွေအားလုံးဟာ ပြည်သူလူထုရဲ့ ကျောထောက်နောက်ခံနဲ့ပဲ သွားရတာဖြစ်တယ်။ ပြည်သူလူထုရဲ့ ကျောထောက်နောက်ခံမရှိဘူးဆိုရင် အတင်းအဓ္ဓမ ဘာမှလုပ်ယူလို့ မရဘူး။ ရလဲ ခဏပဲဖြစ်လိမ့်ဆိုတော့ ပြည်သူလူထုရဲ့ မျှော်လင့်တောင့်တချက်တွေက ဘာလဲ၊ နိုင်ငံ့ပြဿနာတွေက ဘာလဲ၊ ရှင်းရှင်းလေးပဲ အဖြေကသိပ်ရှင်းပါ တယ်။ ပြည်သူတောင့်တတာက ဖက်ဒရယ်ဒီမိုကရေစီပဲ အဲ့ဒီတော့ ကျွန်တော်တို့က ဖက်ဒရယ်နဲ့ကိုက်ညီတဲ့ နိုင်ငံရေးအခြေအနေတစ်ရပ်ကို ဘယ်လိုဖန်တီးမလဲ စဉ်းစားရမှာ၊ စဉ်း စားတဲ့အခါမှာ နည်းလမ်းတွေ မတူနိုင်တာတွေရှိတယ်။ ပြသနာမဟုတ်ဘူး ဒါက။ အဓိကကတော့ တွေ့ဆုံဆွေးနွေးမှုဖြစ်ခဲ့ရင်လဲ ဘယ်အပေါ်မှာဆွေးနွေးမလဲဆိုတာ အရေးကြီးပါ တယ်။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတစ်ခုကို တည်ဆောက်ဖို့ပဲ ဖြစ်သင့်တယ်။

မေး။     ။ နိုင်ငံမှာ လုံခြုံရေးနဲ့ တည်ငြိမ်ရေး လိုအပ်ချက်ရှိနေသေးတယ်လို့လဲ ပြောလာတာတွေရှိနေတော့ ဒီလကုန်နောက်ပိုင်းမှာ နောက်ထပ်သက်တမ်းတိုးလာနိုင်မယ်လို့ ထင် လား။ ထပ်တိုးရင်ရော ဘာတွေဖြစ်လာနိုင်လဲ။

ဖြေ။     ။ လက်တွေ့ နိုင်ငံရေးအခြေအနေအရဆိုရင် တစ်ပြည်လုံးအတိုင်းအတာနဲ့  ရွေးကောက်ပွဲလုပ်မယ်ဆိုရင် တကယ်တမ်းလုပ်မယ်ဆိုရင် မြေပြင်အခြေအနေက မပေးဘူး လေ။ ဆိုတော့ ဒီအခြေအနေတွေကို သုံးသပ်မယ်ဆိုရင် ဘယ်လိုမှလုပ်လို့မရဘူး။ နောက်တစ်ချက်က နိုင်ငံရေးကိုစဉ်းစားတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍပေါ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘောထားမတူတာတွေရှိမယ်၊ သို့သော် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက ပြည်သူလူထုထောက်ခံမှု အများဆုံးရထားတာ၊ ကျွန်တော်လဲ မကြိုက် တာတွေရှိတယ်။ ဒါပေမယ့် လူထုထောက်ခံမှုရထားတဲ့အပေါ်မှာတော့ ကျွန်တော်တို့က respect ရှိရမယ်။ နိုင်ငံဟာ တည်ငြိမ်နေတဲ့အခြေအနေမှာမရှိဘူး။ အဲ့ဒီအခြေအနေမှာ ရွေး ကောက်ပွဲသွားလုပ်မယ်ဆိုလဲ အဲ့ဒီရွေးကောက်ပွဲဟာ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ မှတ်တိုင်တစ်ခုပဲ ဖြစ်လိမ့်မယ်။ နိုင်ငံရဲ့ထွက်ပေါက်မဟုတ်ဘူး။ အဲ့ဒီတော့ အဲ့မတိုင်ခင်မှာ တိုင်း ပြည်ကို ဘယ်လိုတည်ဆောက်မယ်၊ ဘယ်လိုသွားမယ်ဆိုတဲ့ ရှင်းလင်းတဲ့ နိုင်ငံရေးသဘောတူညီချက်တွေရပြီးမှ လုပ်တာက ပိုကောင်းလိမ့်မယ်။ တွေ့ဆုံဆွေးနွေးရေးပဲဖြစ်ဖြစ် တ ခြားအခြေအနေကြောင့်ပဲဖြစ်ဖြစ် ဒါက သဘောတူညီချက်တစ်ခုတော့ ရှိဖို့လိုလိမ့်မယ်လို့ ကျွန်တော်မြင်တယ်။ အကယ်၍ တွေ့ဆုံဆွေးနွေးရေးလိုင်းနဲ့ သွားမယ်ဆိုရင်လဲ သေချာ တာတစ်ခုကတော့ မြန်မာနိုင်ငံကြီး ဖက်ဒရယ်ဒီမိုကရေစီအခင်းအကျင်းကို သွားမှရမှာ။ ဒီအပေါ်မှာ ရပ်တည်ပြီးတော့မှ စကားပြောရမှာဖြစ်တယ်။ တိုင်းပြည်မှာ တကယ်ဆုံးဖြတ် ပိုင်ခွင့်ရှိတဲ့သူတွေက တိုင်းပြည်မျက်နှာကြည့်မယ်ဆိုရင်တော့ ကောင်းတာပေါ့ဗျာ။

မေး။     ။ ရွေးကောက်ပွဲမတိုင်ခင်မှာ ဒီလို ခြောက်လ၊ ခြောက်လသက်တမ်းတိုးနေတာထက် ကြားကာလအစိုးရတစ်ရပ်ဖွဲ့ပြီး ရှေ့ဆက်ဖို့ကို ပြောနေကြတာလဲ ကြားလာရတော့ ကြားကာလအစိုးရဖွဲ့လိုက်မယ်ဆိုရင်ရော ဘာဖြစ်လာနိုင်မလဲ။

ဖြေ။     ။ ကျွန်တော်တို့ အခုစဉ်းစားနေကြတာက ဒီဘက်က နစကအုပ်စုက ၂၀၀၈ အတွင်းကနေစဉ်းစားတယ်။ အဲ့တာကြောင့် ၂၀၀၈ အတွင်းက သာမန်အခြေအနေမဟုတ်တဲ့ ဆိုတာနဲ့ ခြောက်လ၊ ခြောက်လတိုးသွားနေတာ။ ၂၀၀၈ အပြင်က လွတ်လွတ်လပ်လပ် စဉ်းစားမယ်ဆိုရင်တော့ စောစောကပြောတဲ့အချက်ကို ကျွန်တော်တို့ ထည့်လို့ရသွားပြီ။ ၂၀၀၈ မှာကျ အဲ့အချက်က မပေးထားဘူးဆိုတော့ အဲ့တာကိုက စညှိရမယ့်ပြဿနာရှိတယ်။ တကယ်တန်းကျတော့ ၂၀၀၈ အခြေခံဥပဒေဆိုတာ လူလုပ်တာပါ။ ဗျာဒိတ်တော်ရ ကျမ်းတွေမဟုတ်ပါဘူး။ တိုင်းပြည်ကောင်းဖို့အတွက်ဆိုရင် စောစောကလိုင်းက ပိုတောင်ကောင်းသေးတယ်။ interim government ပဲဖြစ်ဖြစ် care taker government ပဲဖြစ် ဖြစ်၊ ဖွဲ့စည်းပြီးတော့မှ ကြားကာလစီမံခန့်ခွဲမှုကို ဘယ်လိုလုပ်ကြမလဲပေါ့ဗျာ အဲ့ဒီဟာနဲ့ သွားရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် ကျွန်တော်ထင်တယ် အဝေးကြီးလိုသေးတယ်။ စောနေပါသေးတယ်ဗျာ။

၂၀၀၈ အခြေခံဥပဒေဆိုတာ လူလုပ်တာပါ။ ဗျာဒိတ်တော်ရ ကျမ်းတွေမဟုတ်ပါဘူး။ တိုင်းပြည်ကောင်းဖို့အတွက်ဆိုရင် စောစောကလိုင်းက ပိုတောင်ကောင်းသေးတယ်။ interim government ပဲဖြစ်ဖြစ် care taker government ပဲဖြစ် ဖြစ်၊ ဖွဲ့စည်းပြီးတော့မှ ကြားကာလစီမံခန့်ခွဲမှုကို ဘယ်လိုလုပ်ကြမလဲပေါ့ဗျာ…”

မေး။     ။ မြန်မာ့အရေးကြောင့် အာဆီယံအတွင်းမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာနေတယ်လို့ဆိုနေကြတဲ့အပေါ်မှာရော ဘယ်လိုမြင်လဲဗျ။

ဖြေ။     ။ အာဆီယံအနေနဲ့က နဂိုကတည်းက သဘောတူညီချက်နဲ့သွားတာ သူက ခုသဘောတူညီချက် ငါးချက်အပေါ်မှာပဲ အသေရပ်သွားတယ်။ သဘောတူညီချက် ၅ ရပ်အပေါ် မှာ ကြည့်မယ်ဆိုရင်တော့ ထူးခြားတဲ့ရလဒ်ဖြစ် ပေါ်လာတာမရှိဘူး။ ဥပမာ အာဆီယံအထူးကိုယ်စားလှယ်က သက်ဆိုင်တဲ့သူတွေနဲ့ တွေ့ရမယ်ဆိုပေမယ့် ဒေါ် အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မှမရတာ Inclusive dialogue နဲ့ပတ်သက်ပြီးတော့လည်း ဘာမှ အကောင်အထည်ဖော်လာနိုင်သေးတာ မရှိဘူးဆိုတော့ လုပ်ရပ်အနေနဲ့ကတော့ ဝိုင်းကူတယ်၊ ဝိုင်းပြီးတော့ စဉ်းစားပေးတဲ့အတွက် ကျွန်တော်ကျေးဇူးတင်တယ်။ ဒါပေမယ့် သိသာထိရောက်တဲ့၊ ရှေ့သွားတဲ့လုပ်ရပ်မျိုးတော့ အခုထက်ထိ မတွေ့သေးဘူး။ အားလုံး သတိထားပြုရမယ့်ကိစ္စ ကတော့ နိုင်ငံရေးရဲ့မြင်ကွင်းကို မြင်အောင်ကြည့်စေချင်တယ် ဘာလဲဆိုတော့ အာဆီသဘောတူညီချက်ငါးချက် အလုပ်မဖြစ်ဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးမှာလဲ ဒါကိုပဲပြန်ညွှန်းတယ်။ ပြီးတော့ မေးခွန်းထုတ်တယ်။ ဒါမရှိရင် ဘာလုပ်မလဲ၊ ဒိထက်ပိုကောင်းတဲ့ဟာကို ပြောပြပါဆိုပြီး အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက ပြန် မေးတယ်။ ပြီးတော့ UN လုံခြုံရေးကောင်စီက ချထားတဲ့ဆုံးဖြတ်ချက်မှာလဲ အာဆီယကိုပဲ Back up ပြန်သွားပေးထားတယ်။ နောက်တစ်ခုက နိုင်ငံတကာအမြင်တွေ ဥပမာ အမေ ရိကား အခုထက်ထိလဲ အဲ့ပုံစံမျိုးပဲပြောနေတယ်။ နောက် တရုတ်၊ နောက် EU ပေါ့ ဒီပုံစံမျိုးပဲ အာဆီယံသဘောတူညီချက်ကိုပဲ Back up ပြန်သွားပေးနေတယ်။ ဆိုလိုချင်တာ အာ ဆီယံဘုံသဘောတူညီချက် ငါးချက်ထဲကပဲ သွားဖို့ပြောနေကြတာပဲ။ အဲ့တာကို ကျွန်တော်တို့ သတိပြုဖို့လိုတယ်။ အဲ့တော့ နိုင်ငံရေးလုပ်တဲ့အခါမှာ ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှု၊ ပြည်တွင်းကတော့ အဓိကပဲဖြစ်တယ်။ ဒါကတော့ ရှင်းတယ်။ ကိုယ့်နိုင်ငံအရေးကို ကိုယ့်ဘာသာကိုယ်ပဲ ဖြေရှင်းရမှာ။ ဒါပေမယ့် လုပ်တဲ့အခါမှာ နိုင်ငံတကာရဲ့ နိုင်ငံရေး။ နိုင်ငံရဲ့ တည်ရှိမှုနဲ့ ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ အနေအထား။ အဲ့ဒီ ပထဝီနိုင်ငံရေးကိုပါ ကျွန်တော်တို့က မြင်အောင်ကြည့်ရမှာ။ ပြည်တွင်းနိုင်ငံရေးနဲ့လည်း မကင်းလွတ်အောင်၊ ကိုယ့်ရဲ့ရပ် တည်ချက်တွေလဲ မယိုယွင်းအောင်၊ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကိုလည်း ဘယ်လိုရောက်အောင် လျောက်မလဲဆိုတာကို သေသေချာချာ စဉ်းစားရမယ်လို့ မြင်ပါတယ်။ အဲ့တော့ အာ ဆီယံနိုင်ငံတွေက မြန်မာကြောင့် ကွဲတယ်ဆိုတာတော့ နဂိုကတည်းက အာဆီယံနိုင်ငံတွေက သဘောထားမတူတဲ့နိုင်ငံတွေ ဖွဲ့ထားတာပဲ။ ပြန်ချုပ်ရရင်တော့ ကျွန်တော်တို့ကြောင့် အာဆီယံမှာလဲ သဘောထားကွဲလွဲမှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် မြန်မာကြောင့်ကွဲတာလားဆိုတာတော့ သိပ်သဘာဝမကျဘူးလို့ထင်ပါတယ်။

မေး။     ။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ့ခဲ့တယ်။ ဒါဟာ နိုင်ငံတကာသံတမံတွေနဲ့ ဒေါ် အောင်ဆန်းစုကြည်တွေ့တာက အစပြုခြင်းလား နောက်ပိုင်းမှာရော တစ်ခြားသံတမံတွေနဲ့ တွေ့လာနိုင်လိမ့်လို့ရောထင်လား။

ဖြေ။     ။ ကျွန်တော် အဲ့လိုမြင်တယ်။ ထင်တယ်၊ ထင်တယ်ဆိုတာထက် အဲ့ဒီဟာက ဒီနှစ်နှစ်ခွဲအတွင်းမှာ ထူးခြားတဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတစ်ခု ဖြစ်လာတယ်လို့ ကျွန်တော် မြင်တယ်ဗျ။ ဒါကလဲ တိုင်းပြည်ရဲ့အခြေအနေက ဒီလိုဖြစ်ဖို့ တွန်းလာတာ။ ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်သူလူထုရဲ့ ရပ်ခံထားတဲ့ အခြေအနေမရှိဘူးဆိုရင် ဒေါ်အောင်ဆန်းစု ကြည်နဲ့ တွေ့ဖို့ဆိုတာလဲ ရှိလာမှာမဟုတ်ဘူး။ အဲ့တော့ အဲဒီရဲ့အဆက်တွေက ဆက်ပြီးတော့လာစရာရှိတယ်လို့ မြင်တယ်။ ဘယ်လိုလာမလဲတော့ ကျွန်တော်မသိဘူး ။ ဒါက ထူးခြား ဖြစ်ပေါ်တိုးတက်တဲ့ နိုင်ငံရေးပြောင်းလဲမှုလို့ ကျွန်တော်မြင်ပါတယ်။

မေး။     ။ အမေရိကန်သံရုံးအကြီးအကဲအသစ် ရောက်လာခြင်းကရော မြန်မာ့အရေးအတွက် ဘယ်လိုအကျိုးသက်ရောက်နိုင်လဲ

ဖြေ။     ။ ကျွန်တော်တို့က ဗီယက်နာမ်ကို နမူနာယူသင့်တယ်လို့ ကျွန်တော်အမြဲပြောခဲ့တယ်ဗျ။ ဗီယက်နာမ်ဆိုတာက တရုတ်နဲ့စနစ်ခြင်းတူတယ် ဒါပေမယ့် စစ်လည်းဖြစ်ခဲ့တယ်။ အမေရိကားနဲ့လည်း စစ်ကြီးကြီးကျယ်ကျယ်ဖြစ်ခဲ့တယ်။ ဆိုတော့ အဲ့ဒီမှာပြန်ကြည့်ရင် အခုအမေရိကားနဲ့ ဗီယက်နာမ်ရဲ့ဆက်ဆံရေးကိုပြန်ကြည့် အင်မတန်ကောင်းတဲ့ဆက်ဆံ ရေးကို ကျွန်တော်တို့တွေ့ရလိမ့်မယ်။ အလားတူပဲ တရုတ်နဲ့ရောဆိုတော့ တရုတ်နဲ့လည်း ဆက်ဆံရေးက ကောင်းနေတာပဲ။ ဗီယက်နာမ်က သူ့ရဲ့ပထဝီနိုင်ငံရေးကိုကြည့်ပြီး အင်အား ကြီးတွေနဲ့ Check and Balance အရ အကုန်လုံးကို ကောင်းကောင်းမွန်မွန် သူဆက်ဆံသွားနိုင်တယ်။ အဲ့ရဲ့အကျိုးရလဒ်က ဘာလဲဆိုတော့ ရနိုင်တဲ့အခွင့်အရေးတွေကို သူ့နိုင်ငံအ တွက် သူကောင်းကောင်း အသုံးချနိုင်တယ်။ ကျွန်တော်တို့လဲ ကျွန်တော်တို့ ပိုလုပ်လို့ရတာရှိတယ် ဒီဘက်မှာဆို တရုတ်ရှိတယ်၊ တစ်ဖက်မှာဆိုလဲ အန္ဒိယရှိတယ်၊ အဲ့တော့ ဒီရဲ့ပါဝါ တွေကိုလဲ ကျွန်တော်တို့က မပယ်ဘူး။ ကျွန်တော်တို့က ဟိုနိုင်ငံမကောင်းဘူး ဒီနိုင်ငံမကောင်းဘူးဆိုပြီး မဖြစ်ချင်ဘူး။ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထူထောင်ခြင်းအားဖြင့် ကျွန် တော်တို့ မြန်မာပြည်သူတွေအတွက် ဘယ်လိုအခွင့်အလမ်းတွေ ရနိုင်မလဲဆိုတာ စဉ်းစားရမယ်။ ကျွန်တော်တို့က ဒီရနေတဲ့ အခွင့်အရေးပေါ်မှာ အားလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံ ရေးကိုထူထောင်ပြီးတော့ ပြည်သူလူထုအတွက် ဘယ်လောက်အကျိုးကျေးဇူးပြုနိုင်လဲဆိုတာကို စဉ်းစားသင့်တယ်လို့ ကျွန်တော်မြင်တယ်။ အဲ့ဒီတော့ ကျွန်တော်တို့က အမေရိကန် နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ထူထောင်ဖို့လိုမယ်လို့ မြင်ပါတယ်။ အမေရိကားနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေး ထူထောင်ရမှာဖြစ်သလို တရုတ်ပြည်နဲ့လည်း ကျွန်တော်တို့က အိမ်နီးချင်းနိုင်ငံ စူပါပါဝါနိုင်ငံဖြစ်တဲ့အတွက် ပြေလည်အောင်ဆက်ဆံဖို့လိုတယ်။

ဟုတ် ကျေးဇူးတင်ပါတယ်။

သီဟ

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးနှင့် တွေ့ဆုံမေးမြန်းခြင်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်