ဝင်ငွေရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို အစားအသောက်အတွက်ပဲသုံးနေကြရပြီလား

ဂရေ့စ်ကျော်

ပြီးခဲ့တဲ့ ဇွန်လအတွင်းက မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေးအခြေအနေများနဲ့ လူမှုရေးအသိုင်းဝိုင်းတွင်းမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အသွင်အနေအထားတွေကို စစ်တမ်းကောက်ယူ သုံး သပ်ထားတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်လာပါတယ်။

မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းဟာ နှေးနှေးကွေးကွေးနဲ့ တိုးတက်နေတာဖြစ်ပြီး ပြန်လည်နာလန်ထူနေရတဲ့ကာလဟာ အလွန်နုနယ်ပြီး အထိခိုက်မခံတဲ့အနေအထားဖြစ်နေကြောင်း ကမ္ဘာ့ဘဏ်က ပြီးခဲ့သည့်အပတ်ကထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်က ထုတ်ပြန်ချက်အရဆိုရင် မြန်မာနိုင်ငံရဲ့ အသားတင်ထုတ်ကုန်ပမာဏ GDP ဟာ ဒီနှစ်ထဲမှာ  ၃% တိုးလာမှာဖြစ်တယ်လို့ ခန့်မှန်းထားပေမယ့် အစီရင်ခံစာထဲမှာ ရေး ထားပုံအရဆိုရင် သူတို့ခန့်မှန်းချက်တွေကို ထိခိုက်စေနိုင်တဲ့ အဟန့်အတားဖြစ်စေနိုင်သော ပြဿနာတွေတော်တော်များများ ရှိနေတယ်လို့ မီးမောင်းထိုးပြထားပါတယ်။

ဒီထုတ်ပြန်ချက်ထဲက တစ်ခုကတော့ လတ်တလောဖြစ်နေတဲ့ အဟန့်အတားဖြစ်စေတဲ့ ပြဿနာတွေထဲမှာ စားနပ်ရိက္ခာနဲ့ အခြားကုန်စည်တွေအတွက် စရိတ်စကတွေတိုးမြင့်လာ ပြီး အဲ့သည့်စားရိတ်များရဲ့ ဖိစီးမှုကို ဝင်ငွေနည်းသူများက ခံစားနေကြရတယ်လို့ပါရှိတာပါ။  ၂၀၂၂ ခုနှစ် စားနပ်ရိက္ခာဖူလုံမှုနဲ့ပတ်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရဆိုရင် အ လုပ်လက်မဲ့နှုန်း တိုးမြင့်လာတာနှင့်အမျှ အိမ်ထောင်စုပေါင်း ၅ သန်းကျော်ကို ထိခိုက်စေနိုင်ဖွယ်ရှိကြောင်းလည်း ဖော်ပြထားပါတယ်။

နစ်ခေးအေးရှသတင်းဌာနကကတော့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ပြည်သူတွေဟာ သူတို့ဝင်ငွေရဲ့ ၆၄ ရာခိုင်နှုန်းကျော်ကို အစားအသောက်အတွက်သာ အဓိကသုံးစွဲနေရတယ်လို့ လည်း ရေးသားထားပြန်ပါတယ်။

“လတ်တလောမှာ ပြဿနာတွေ အများကြီးရှိသေးတယ်၊ မကြားသေးခင်ကထုတ်ခဲ့တဲ့ နိုင်ငံလုံးအလိုက်ထုတ်ပြန်တဲ့ စစ်တမ်းတွေမှာ တွေ့ရတဲ့အတိုင်း ဝင်ငွေနည်းအိမ်ထောင်စုတ ချို့ဟာ သူတို့ရဲ့ ၀င်ငွေရဲ့ ၆၄% ကို အစားအသောက်အတွက် သုံးစွဲနေကြတယ်ဆိုတာ သိပါတယ်” လို့ စီးပွားရေးအကြံပေး ပညာရှင်ဟောင်းတစ်ဦးကို ကိုးကားပြီး ‌ရေးသားထားပါ တယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က UN Habitat, UN Women နဲ့ UNDP တို့အပါအဝင် မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ လေ့လာတွေ့ရှိချက်အရဆိုရင် ရန်ကုန်မြို့လူဦးရေ လေးပုံတစ်ပုံဖြစ် တဲ့ အဆင်းရဲဆုံးမြို့နယ် ရှစ်မြို့နယ်က ပြည်သူအချို့ဟာ တစ်နှစ်အတွင်း ဝင်ငွေမရှိဘဲ ရပ်တည်နေကြရတာတွေတောင်ရှိပြီး မြို့ပြဆင်းရဲ နွမ်းပါးသူဦးရေ ပိုများလာကြောင်း ထုတ် ပြန်ခဲ့ပါတယ်။

“ နာမည်ဖော်ပြမထားတဲ့ အဆိုပါမြို့နယ် ရှစ်မြို့နယ်အတွင်းမှာ ဒီအကျိုးသက်ရောက်မှုတွေအဖြစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပိုများလာခြင်း၊ နွေရာသီ သောက်သုံးရေရရှိ ရန် အလားအလာနည်းပါးခြင်း၊ အာဟာရပြည့်ဝသောအစားအစာ မရရှိခြင်းနှင့် ဝင်ငွေရှာရန် ကလေးသူငယ်များကို ကျောင်းမှထုတ်ခြင်းတို့ ပိုများလာတယ်လို့ ဆိုပါတယ်။”

နာမည်ဖော်ပြမထားတဲ့ အဆိုပါမြို့နယ် ရှစ်မြို့နယ်အတွင်းမှာ ဒီအကျိုးသက်ရောက်မှုတွေအဖြစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပိုများလာခြင်း၊ နွေရာသီ သောက်သုံးရေရရှိ ရန် အလားအလာနည်းပါးခြင်း၊ အာဟာရပြည့်ဝသောအစားအစာ မရရှိခြင်းနှင့် ဝင်ငွေရှာရန် ကလေးသူငယ်များကို ကျောင်းမှထုတ်ခြင်းတို့ ပိုများလာတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသမီး ၈၀ ရာခိုင်နှုန်းကျော်အတွက် အစားအသောက်ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် အလုပ်အကိုင် သို့မဟုတ် ဝင်ငွေဆုံးရှုံးခြင်းက သူတို့အတွက် အဓိ ကစိန်ခေါ်မှုဖြစ်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံလူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းသာ မြို့ပြတွေမှာ နေထိုင်နေကြပြီး ရေရှည်တည်တံ့တဲ့ မြို့ပြအသွင်ဆောင်ရေးနနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးဆိုင်ရာ အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်ရန် အစီအစဉ်တွေလိုကြောင်း အဆိုပါအဖွဲ့အစည်းတွေက ဆိုထားပါတယ်။

ဒီစစ်တမ်းတွေကအတိုင်းပါပဲ။ ပြည်တွင်းမှာ လတ်တလောဖြစ်ပေါ်နေတဲ့ ငွေဖောင်းပွမှုတွေဟာ တစ်နှစ်ကျော်ကာလအထိ ပြန်လည်ကျဆင်းခြင်းမရှိပဲ ကျပ်ငွေတန်ဘိုးကိုပါ ဆက် တိုက်ကျဆင်းနေစေပါတယ်။

အများသိကြတဲ့ ငွေကြေးဖောင်းပွမှုဆိုတာကတော့ အချိန်နှင့်အမျှ ၀ယ်လိုအားကျဆင်းမှုဟု ဘာသာပြန်ဆိုနိုင်အောင် ပြည်တွင်းမှာ ကုန်စျေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ပါတယ်။ စျေးနှုန်းများ မြင့်တက်လာမှုအကျိုးဆက်က ဝယ်ယူနိုင်မှုအင်အားကိုလည်း ကျဆင်းသွားစေပါတယ်။

“စျေးတွေတက်တယ်ဆိုတာ ဒီနှစ်တွေထဲမှာတင် ၃ ဆကျော်လောက်တက်ကုန်တာ။ အစားအသောက်စျေးတွေဆိုရင် မလိုအပ်တာတွေ မဝယ်ဖြစ်တော့ဘူး။ အခြေခံစားကုန်တွေ ဖြစ်တဲ့ ဆန်၊ ဆီတွေနဲ့ နေ့စဥ်မီးဖိုချောင်စားရိတ်နဲ့တင် ရှာသမျှကုန်သလိုဖြစ်နေတာ” လို့ ရန်ကုန်မြို့က အစိုးရဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုပါတယ်။

ဆန်တစ်အိတ်စျေး ကျပ်တစ်သိန်းကျော်၊ ဆန်တစ်ပိသာ ၂၀,၀၀၀ ကျော်၊ သားငါးစားရိတ်များ တစ်ပိသာ ၂၀,၀၀၀-၃၀,၀၀၀ ကျပ်ကြား၊ ဘဲဥတစ်လုံး ၄၀၀ ကျပ်နဲ့ အခြားစားဖိုချောင် သီးနှံတွေစားရိတ်ကလည်း တရိပ်ရိပ်မြင့်တက်လာတာကြောင့် ညည်းညူနေကြသူတွေများလာပေမယ့် တောင့်ခံနေကြသေးတယ်လို့လည်းဆိုပါတယ်။

“အရင်က ငွေတစ်သောင်းဆိုရင် အသားရယ်၊ အသီးရွက်တွေနဲ့ ၂ နပ်စာ၊ လူ ၅ ယောက်လောက်တယ်။ ခု စျေးတစ်ခါသွား တစ်ရက်စာ ၂၀,၀၀၀ ကျပ်ဆိုရင်တောင် လောက်လောက် ငငမရတော့ဘူး၊ ခြွေတာပြီးစားတာတောင် တစ်လကို စားစရိတ်က လေးသိန်းကျော်ကျနေတယ်” လို့ အဆိုပါအိမ်ရှင်မက ဆိုပါတယ်။

နေ့စားအလုပ်သမားတွေကတော့ အခြေအနေအဆိုးဝါးဆုံးဖြစ်နေပါတယ်။ ဆန်ကြမ်းတစ်ပြည်တောင် ၃၀၀၀ ကျပ်ပေါက်နေပြီး ကြက်ဥတစ်လုံး ၃၅၀၊ ဘဲဥတစ်လုံး ၄၀၀ ကျပ် ခေတ်မှာ တစ်နေ့ကို အနည်းဆုံး ငွေ ၁၀,၀၀၀ ကျပ်မှ ဝင်ငွေမရှိရင် စားဖို့တောင်ခက်ခဲသွားပြီလို့ သိရပါတယ်။

“ခုက စားဖို့ပဲရှာနေရတာ။ နေဖို့နဲ့ ဆေးကုဖို့မပါသေးဘူး။ တစ်နေ့ဝင်ငွေနည်းရင် တစ်နေ့အငတ်နေရမယ့်အနေအထားဖြစ်နေတာပါ။ အကုန်ကြပ်တည်းနေကြတော့ တစ်ယောက် တည်းလည်း ကွက်ပြီးမညည်းတော့ပါဘူး” လို့ ဒဂုံမြို့သစ်မြို့နယ်ထဲက သုံးဘီးဆိုက်ကားမောင်းသူ ဦးအောင်သန်းကဆိုပါတယ်။

“ပြီးခဲ့တဲ့နှစ်တုန်းက ငွေကြေးဖောင်းပွမှုရဲ့ အဓိကအကြောင်းအရင်းနှစ်ခုကတော့ လောင်စာဆီဈေးတက်တာနဲ့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုတို့ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က သူ့ ရဲ့ယခင် စီးပွားရေးစောင့်ကြည့် အစီရင်ခံစာမှာဖော်ပြထားပါတယ်” ဟု အကြီးတန်း စီးပွားရေးအကြံပေးဟောင်းတစ်ဦးက ပြောကြားထားပြီး ငွေကြေးဖောင်းပွမှု ကိန်းဂဏန်းတွေ က တော်တော်မြင့်နေကြောင်း ပြောဆိုထားတယ်လို့ နစ်ခေးအေးရှက ရေးသားထားပါတယ်။

ဂရေ့စ်ကျော်

#ယနေ့ခေတ်

ဝင်ငွေရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို အစားအသောက်အတွက်ပဲသုံးနေကြရပြီလား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်