မြန်မာ့စီးပွားရေး အကြပ်အတည်းကာလဟာ စွန့်စားလိုသူလုပ်ငန်းရှင်တချို့အတွက် အခွင့်အရေးကာလလား

#ဂရေ့စ်ကျော်

ကိုဗစ်ကပ်ရောဂါကာလမှစတင်ကာ နိုင်ငံရေးပြဿနာရပ်များ စတင်ခဲ့သော ပြီးခဲ့သည့် ၃ နှစ်တာကာလအတွင်း ခက်ခဲလာသည့် မြန်မာ့စီးပွားရေး အကြပ်အတည်းကာလအတွင်း တွင် နောက်ဆုတ်သွားသည့် နိုင်ငံတကာလုပ်ငန်းများရှိသကဲ့သို့ အခက်အခဲကို အခွင့်အရေးသဖွယ် အသုံးချမည့် စီးပွားရေးလုပ်ငန်းများလည်း ပြည်တွင်းတွင် တင်ကျန်နေခဲ့သည်။

၂၀၂၁ ခုနှစ်၊ နောက်ဆုံးလများမှစတင်ကာ တဖြေးဖြေးလုံးဝဆုတ်ခွာသွားသည့် နိုင်ငံတကာရင်းနှီးမြှပ်နှံမှု အများအပြားရှိသည့်အနက် အများစုမှာ အနောက်နိုင်ငံအများစုမှ လုပ်ငန်း များဖြစ်ပြီး၊ အရှေ့တိုင်းလုပ်ငန်းစုများကမူ လုပ်ငန်းပိုင်းကိုသာ လျော့ချထားခဲ့ပြီး၊ ပြည်တွင်းမှ လုံးဝထွက်ခွာသွားသည့် အနေအထားမရှိခဲ့ချေ။

ဆုတ်ခွာသွားသည့်လုပ်ငန်းများတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများ၊ စားသောက်ကုန်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ အများစုပါဝင်ပြီး ကျန်ရှိနေခဲ့သည့် လုပ်ငန်းများတွင် မော်တော်ယာဥ်ထုတ်လုပ်သည့် လုပ်ငန်းများ၊ အိမ်ခြံမြေနှင့် အသင့်စား စားသောက်ကုန်ဆိုင်များ၊ ဟိုတယ်လုပ်ငန်းအချို့နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်သည်။

ထွက်ခွာသွားသော လုပ်ငန်းစုများနေရာတွင် အစားထိုးဝင်ရောက်ရန် တရုတ်၊ ထိုင်း၊ ဂျပန်၊ စင်ကာပူလုပ်ငန်းစုများက အဆင်သင့်နေရာယူလာကြပြီလည်းဖြစ်သည်။ သိသာထင်ရှား သည့် လုပ်ငန်းများတွင် စင်ကာပူအခြေစိုက် ဘီယာကုမ္ပဏီဖြစ်သည့် Thai Beverage ပိုင် Fraser and Neave က မြန်မာနိုင်ငံတွင် အရက်လိုင်စင်နှင့် မြေအသုံးချမှုအခွင့်အရေး များရရှိရန် စင်ကာပူဒေါ်လာ ၁၉.၂ သန်း(ဒေါ်လာ ၁၄.၁ သန်း)သုံးစွဲမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ဇူလိုင်လက သတင်းထုတ်ပြန်ခဲ့ကာ F&N သည် ပြည်တွင်းကုမ္ပဏီတစ်ခုနှင့် ဖက်စပ် လုပ်ကိုင်ခြင်းဖြင့် ဘီယာချက်စက်ရုံကို တည်ဆောက်မည်ဖြစ်သည်။

ထိုင်းနိုင်ငံမှ စွမ်းအင်ကုမ္ပဏီများကလည်း မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာကြပြီး၊ ဂျပန်၏ Eneos Holdings နှင့် မလေးရှားမှ Petronas တို့ နုတ်ထွက်ပြီးနောက် မြောက်ပိုင်း ပင်လယ်ကွေ့ ရေနံစီမံကိန်းသည် ရဲတံခွန် ရေအောက်ဓာတ်ငွေ့စီမံကိန်းအတွက် လုပ်ပိုင်ခွင့်များရရှိခဲ့သည်။ ထိုင်းနိုင်ငံ၏ အစိုးရပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း PTT က မြန် မာနိုင်ငံ၏ အကြီးဆုံး ပင်လယ်ရေအောက် ဓာတ်ငွေ့တွင်းဖြစ်သည့် ရတနာပုံစီမံကိန်းတွင် ပြင်သစ်စွမ်းအင်ကုမ္ပဏီ နုတ်ထွက်အပြီး TotalEnergies ၏ ဦးဆောင်အော်ပရေတာ အခန်းကဏ္ဍကို တာဝန်ယူခဲ့သည်။

တရုတ်နိုင်ငံ၏ Union Resources & Engineering နှင့် Yunnan Energy Investment တို့သည် မြန်မာနိုင်ငံတောင်ပိုင်းရှိ ဧရာဝတီတိုင်းဒေသကြီးတွင် ဒေါ်လာ ၂.၅ ဘီလီယံတန် ဓာတ်အားပေးစက်ရုံ တည်ဆောက်လျက်ရှိပြီး၊ သဘာဝဓာတ်ငွေ့ရည်ဖြင့် လည်ပတ်သည့်စက်ရုံက လျှပ်စစ်ဓာတ်အား ၁.၄ ဂစ်ဂါဝပ်ခန့် ထုတ်လုပ်မည်ဖြစ်သည်။ အဆိုပါစက်ရုံ သည် ၂၀၂၇ ခုနှစ်တွင် စီးပွားဖြစ်စတင်လည်ပတ်နိုင်ရန် ရည်ရွယ်ထားသည်။

ဂျပန်ရင်းနှီးမြှပ်နှံမှုဖြင့် တိုယိုတာ မော်တာလုပ်ငန်းသည်လည်း ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် တိုက်ရိုက်စီမံခန့်ခွဲသည့်စက်ရုံတွင် လုပ်ငန်းလည်ပတ်မှု စတင်ခဲ့သည်။ အစောပိုင်း က တစ်နေ့လျှင် ကားအစီးရေ တစ်စီးမှ နှစ်စီးအထိ ထွက်ရှိသော်လည်း၊ ယခုအခါ လေးစီးမှ ငါးစီးအထိရှိလာကြောင်း နစ်ခေးအေးရှသတင်းဌာနက ရေးသားသည်။

ဟိုတယ်လုပ်ငန်းစုတွင်လည်း ပိတ်ထားခဲ့သည်မှာ ကိုဗစ်ကာလကပင်ဖြစ်သော်လည်း မြန်မာနိုင်ငံရှိ Sedona Hotel Yangon သည် ဒီဇင်ဘာ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားပြီး၊ စီးပွားရေးခရီးသွားများနှင့် ပြည်တွင်းခရီးသွားများကို ပြန်လည်ဆွဲဆောင်တော့မည်ဖြစ်ကြောင်း အဆိုပါဟိုတယ်က သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါအိမ်ခြံမြေကို စင်္ကာပူနိုင်ငံအခြေစိုက် အစိုးရကျောထောက်နောက်ခံပြု လုပ်ငန်းစု Keppel ကော်ပိုရေးရှင်းမှ စင်ကာပူ အခြေစိုက် Spring Blossom Ventures သို့ ရောင်းချခဲ့ပြီး ဟိုတယ်၏ လုပ်ငန်းကို ၎င်း၏ကိုယ်ပိုင်လုပ်ငန်းအဖြစ် ပြန်လည်စတင်မည်ဖြစ်သည်။ အခန်းပေါင်း ၈၀၀ ရှိသည့်အနက် အခန်း ၂၀၀ ဖြင့် လုပ်ငန်းပြန်လည်စတင်မည်ဖြစ်ကာ၊ စျေးကွက်အ ခြေအနေအပေါ်အခြေခံ၍ လုပ်ငန်းပြန်လည်ချဲ့ထွင်ရန် ချိန်ညှိလုပ်ဆောင်သွားမည်ဖြစ်သည်။ မူလပိုင်ရှင်က ဆီဒိုးနားဟိုတယ်အား ကန်ဒေါ်လာ ၅၇.၄ သန်းဖြင့် ရောင်းချမည်ဟု မတ်လတွင် ကြေညာခဲ့ပြီး၊ အဆိုပါပမာဏမှာ စျေးကွက်ပေါက်စျေးထက် အဆများစွာ စျေးသက်သာခဲ့သော ပမာဏလည်း ဖြစ်ခဲ့သည်။

ထိုလုပ်ငန်းကဲ့သို့ပင် မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေး၊ အိမ်ခြံမြေ၊ ဘဏ်လုပ်ငန်းနှင့် အသင့်စား စားသောက်ကုန် ဆိုင်ခွဲလုပ်ငန်းများဖြင့် နာမည်ရလာခဲ့သော ရိုးမလုပ်ငန်းစု၏ လုပ်ငန်းများသည်လည်း ယခုနှစ်အတွင်းတွင် သိသာစွာ အမြတ်ငွေရရှိသည့် အနေအထားရောက်လာပြီဟု သိရသည်။

အဆိုပါ လုပ်ငန်းစုကထုတ်ပြန်သည့် ဘဏ္ဍာရေးအစီရင်ခံစာအရ ပြီးခဲ့သည့် စက်တင်ဘာ ၃၀ တွင် ကုန်ဆုံးခဲ့သည့် ၆ လတာကာလအတွင်း အမြတ်ငွေ ကန်ဒေါ်လာ ၁၁၁.၆ သန်း ကျော်ရရှိခဲ့ရာ အဆိုပါပမာဏသည် ကာလတူ ယမန်နှစ်နှင့်ယှဥ်ပါက ၁၇၃ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ထိုသို့မြင့်တက်လာရခြင်းမှာ သူ၏အိမ်ခြံမြေလုပ်ငန်း အရောင်းအဝယ် တိုးတက်လာခြင်းကြောင့်ဖြစ်ကြောင်းလည်း ဆိုသည်။

အဆိုပါလုပ်ငန်းစု၏ အမှုဆောင်အရာရှိချုပ် မာလ်ဗင်ပန်မ်၏ အဆိုအရ လုပ်ငန်းများ ပြန်လည်အသက်ဝင် အောင်မြင်လာခြင်းမှာ စျေးကွက်အတွင်းတွင် အပြိုင်လုပ်ဆောင်မည့် သူများ မရှိတော့သောကြောင့်လည်းဖြစ်သည်ဟု သိရသည်။

“ကျွန်တော်တို့က ခုချိန်မှာ ပြိုင်ဘက်မရှိပဲ လုပ်ငန်းလုပ်ဆောင်နေရတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အများစုက နိုင်ငံရေးမတည်ငြိမ်ချိန်မှာ ထွက်ခွာသွားကြတယ်။ ခုချိန်မှာ ပြည် တွင်းမှာကျန်နေပြီး လုပ်ဆောင်နေတာကြောင့် ဝယ်လိုအားနဲ့ ရောင်းလိုအားကို ပြန်ချိန်ညှိလုပ်ဆောင်နေရပါတယ်။” ဟု မာလ်ဗင်ပန်မ်က စင်ကာပူနိုင်ငံတွင် ထုတ်ဖော်ပြောဆို ကြောင်း စထရိတ်တိုင်းမ်သတင်းစာက ရေးသားခဲ့သည်။

ရိုးမလုပ်ငန်းစုသည် ပြီးခဲ့သည့် ၃ နှစ်တာက ရပ်ဆိုင်းထားခဲ့သော ရန်ကုန်မြို့လယ်ကောင်ရှိ ဟိုတယ်လုပ်ငန်းများကိုလည်း ပြန်လည်တည်ဆောက်နေပြီဖြစ်ကြောင်း သတင်းထုတ် ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် လက်ရှိဘဏ္ဍာရေးနှစ် ၂၀၂၃-၂၄ ခုနှစ်၊ လေးလတာကာလအတွင်း (ဧပြီမှ ဇူလိုင်လ) အထိ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစာရင်းတွင် စင်ကာပူသည် ပထမအဆင့် ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းဇယားများအရ သိရသည်။ ပြီးခဲ့သော လေးလအတွင်း စင်ကာပူနိုင်ငံမှ စာရင်းသွင်းထားသော လုပ်ငန်းလေး ခုသည် FDI မှ အမေရိကန် ဒေါ်လာ ၃၃၅ သန်းကျော်ကို ဝင်ရောက်ထားပြီး၊ အဆိုပါ စင်္ကာပူကုမ္ပဏီများသည် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ အိမ်ခြံမြေ၊ လျှပ်စစ်နှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများကို အဓိကထား ဆောင်ရွက်လျက်ရှိနေသည်။

စာရင်းများအရ တရုတ်နိုင်ငံသည် ယခုဘဏ္ဍာရေးနှစ်တွင် စီးပွားရေးလုပ်ငန်း ၁၀ ခုနှင့် လက်ရှိလုပ်ငန်း ၁၀ ခုမှ ခန့်မှန်းမတည်ရင်းနှီးငွေ ကန်ဒေါ်လာ ၁၂၄ သန်းကျော်ဖြင့် ဒုတိယ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည်နေသည်။

#ဂရေ့စ်ကျော်

#ယနေ့ခေတ်

ဓာတ်ပုံ- ယနေ့ခေတ်

ပုံစာ- ရိုးမလုပ်ငန်းစု၏ ရန်ကုန်မြို့မှ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု

မြန်မာ့စီးပွားရေး အကြပ်အတည်းကာလဟာ စွန့်စားလိုသူလုပ်ငန်းရှင်တချို့အတွက် အခွင့်အရေးကာလလား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်