ပိတ်ပင်ထားတဲ့ Social Media တွေကနေ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေ မှတ်ပုံတင်ရောင်း ရတော့မှာလား

ဂရေ့စ်ကျော်

ဒီအပတ်အတွင်းမှာ လူပြောများတဲ့ သတင်းတစ်ခုကတော့ အွန်လိုင်းစနစ်ဖြင့် ဈေးရောင်းချမည့်သူများအနေဖြင့် မှတ်ပုံတင်ကတ် လျှောက်ထားကြဖို့ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၁ ရက်နေ့စွဲဖြင့် အမိန့်ထုတ်ပြန်လိုက်ပြီး (၆) လအတွင်း မလျှောက်ထားဘဲ ရောင်းချပါက ဥပဒေအရအရေးယူမည်ဖြစ်တယ်ဆိုတဲ့ သတင်းပါပဲ။

“ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းများနဲ့ ဝန်ဆောင်မှုလုပ်ငန်းများကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်” ဟုဆိုကာ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက သူ့လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

ထုတ်ပြန်လိုက်တဲ့ အမိန့်အရဆိုရင် မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင်ရမှာဖြစ်တယ်လို့ အသိပေး ထားပြီး အမိန့်ထုတ်ပြန်ပြီး ခြောက်လပြည့်မြောက်သည့်နေ့မှစတင်၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြောင်းတွေ့ရှိပါ က အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ (၅) အရ အရေးယူမှာဖြစ်တယ်လို့လည်း အမိန့်ကြေညာချက်က ဆိုထားပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ (၂၁) ရက်နေ့စွဲဖြင့်ထုတ်ပြန်ထားတဲ့ အဆိုပါ “ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်” ထဲမှာ ပါရှိတဲ့အချက်တွေအရဆိုရင် ရောင်းချလိုသူက အွန်လိုင်းစနစ်ကိုသုံးပြီး ဌာနကိုမှတ်ပုံတင်ကိစ္စ လျှောက်ထားရမယ်လို့ လည်းပါရှိပါ တယ်။

အွန်လိုင်းက ရောင်းချမယ့်ကုန်စည်တွေဟာ တရားဥပဒေတစ်ခုခုအရ တားမြစ်ထားတဲ့ကုန်စည်တွေမဖြစ်ရဘူး။ စားသုံးသူတွေအတွက် ဘေးဖြစ်စေမှာတွေ လုံခြုံမှုကိုထိခိုက်စေ မယ့်အရာတွေလည်း မဖြစ်စေရဘူးလို့လည်းပါရှိပါတယ်။ မှတ်ပုံတင်ကာလကတော့ ၂ နှစ်တာဖြစ်ပါတယ်တဲ့။

အမိန့်ကြေညာချက်မှာ ပါရှိတဲ့အချက်တွေကို‌ ယေဘုယျအားဖြင့် တွက်ချက်ကြည့်မယ်ဆိုရင်တော့ လက်ရှိအစိုးရဌာနကဟာ စားသုံးသူတွေမနစ်နာစေဖို့ အွန်လိုင်းကနေ စျေးရောင်း သူတွေကို ကြပ်မတ်ချင်တဲ့သဘောတရားဖြစ်နေပါတယ်။ သို့ပေမယ့် အွန်လိုင်းကနေ ရောင်းချခြင်းဆိုတဲ့ အသုံးအနှုန်းအရတော့ အင်တာနက်အသုံးပြုပြီး အွန်လိုင်းစနစ်နဲ့ရောင်းတဲ့ ကုန်ပစည်းအားလုံးလို့ ဆိုလိုချင်ပုံရပါတယ်။

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေစျေးရောင်းခြင်းဆိုတဲ့ယဥ်ကျေးမှု တွင်တွင်ကျယ်ကျယ်ပေါ်လာတာကတော့ ဆယ်စုနှစ်ဝက်လောက်ပဲရှိဦးမှာဖြစ်ပြီးတော့ အထူးသဖြင့် လူမှုကွန်ရက် မီဒီယာများ ပိုမိုတွင်ကျယ်လာတဲ့နောက်ပိုင်း ဖြစ်ပါတယ်။ ကိုဗစ်ရောဂါကျရောက်တဲ့ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ လူအသုံးအများဆုံးဖြစ်တဲ့ ဖေ့စ်ဘွတ် လူမှုကွန်ယက်ကနေ တိုက်ရိုက်စျေးရောင်းချခြင်းလုပ်ငန်းများက အရမ်းကိုတွင်ကျယ်ဖြစ်ထွန်းလာခဲ့ပါတယ်။

နိုင်ငံတကာမှာလည်း E-commerce ဆိုတာဟာ ခေတ်မှီနိုင်ငံတကာစီးပွားရေးရဲ့ အဓိကအချက်ဖြစ်လာပြီးတော့ ဒီလုပ်ငန်းတွေကနေ ဝင်ငွေတွေပိုများလာတာ အချက်အလက်တွေ က သက်သေပြနေပါတယ်။ ၂၀၂၁ ခုနှစ်ထဲမှာထွက်ရှိတဲ့ အချက်အလက်တွေအရဆိုရင်  e-commerce က ကမ္ဘာလုံးဆိုင်ရာ လက်လီရောင်းချမှု၏ ၂၁% စိုးမိုးထားတယ်လို့ သိရပါ တယ်။  Amazon လို  e-commerce အကြီးစားများကနေ Instagram လူမှုကွန်ယက်တွေမှာ  မထင်မရှားနဲ့ တစ်ခါတစ်ရံ အကြမ်းထည် တီရှပ်ကြော်ငြာများတွေအထိအပြင် သေး သေးမွှားမွှားလေးတွေကအစ ဒစ်ဂျစ်တယ်စနစ်နဲ့ စျေးဝယ်ခြင်းက အွန်လိုင်းလှုပ်ရှားမှုတွေရဲ့  အခြေခံအုတ်မြစ်ဖြစ်လာပါတယ်။

ဒီဂျစ်တယ်ပလက်ဖောင်းတွေကနေ စျေးဝယ်ရာမှာ ကိုယ်ပိုင်ဝက်ဆိုက်တွေကနေတဆင့် စျေးဝယ်တဲ့သူတွေများသလို လူမှုကွန်ယက်မီဒီယာတွေကနေတဆင့် စျေးဝယ်ကြသူတွေ ကလည်း သိပ်များပြားလာခဲ့ပါတယ်။

နောက်ဆုံးရရှိတဲ့ အချက်အလက်တွေအရဆိုရင် နောက်ဆုံးပေါ် ဒစ်ဂျစ်တယ်စူပါစတိုးဆိုင်လို့ခေါ်ရမယ့် အွန်လိုင်းစျေးဝယ်ပလက်ဖောင်းကတော့ တရုတ်ပိုင် Temu ဟုခေါ်သော ဒစ်ဂျစ်တယ်စျေးကွက်ကြီးဖြစ်ပါတယ်။ သူကတော့ Apple ရဲ့ App Store နဲ့ Google ရဲ့ Play Store နှစ်ခုစလုံးမှာ Shein၊ Amazon နဲ့ Walmart တို့ထက် နံပါတ်တစ် အခမဲ့စျေး ဝယ်အက်ပ်ဖြစ်လာတယ်လို့သိရပါတယ်။

Temu ရဲ့ ထူးခြားချက်ကတော့ စျေး‌ရောင်းနေတဲ့ သူ့ဝဘ်ဆိုက်ရဲ့ ထုတ်ကုန်အများအပြားဟာ မယုံနိုင်လောက်အောင် စျေးသက်သာလွန်းနေတာဖြစ်ပြီး နေကာမျက်မှန်တစ်လက်ကို ၂ ဒေါ်လာလောက်၊ လည်ဆွဲတစ်ခု ၁ ဒေါ် လာလောက်နဲ့ စဉ်းစားနိုင်သမျှ ဝယ်နိုင်တဲ့အရာအားလုံးဟာ ဒေါ်လာ ၃၀ အောက်နည်းတာတွေချည်း Temu မှာ ဝယ်ယူနိုင်နေတာဖြစ်ပါ တယ်။

မြန်မာနိုင်ငံမှာလည်း ဒီလို တရားဝင်ဝယ်နိုင်တဲ့ shop.com.mm လို grab, food panda စတဲ့ အပလီကေးရှင်းတွေကနေလည်း စျေးဝယ်နိုင်နေပါတယ်။ ဒီစျေးကွက်တွေဟာ တ ရားဝင်လုပ်ငန်းတွေအနေနဲ့ စီးပွားရေးမှတ်ပုံတင်တင်ထားပြီး လုပ်နေတာဖြစ်လို့ သီးသန့်ထပ်ပြီး မှတ်ပုံတင်ဖို့မလိုဖူးလို့ ယူဆရပါတယ်။

ခုထပ်မံထွက်ရှိလာတဲ့ အွန်လိုင်းကစျေးရောင်းခြင်းဆိုတာ ဘာကိုရည်ရွယ်တာပါလဲ။ မြန်မာနိုင်ငံမှာ လူသုံးအများဆုံးဖြစ်နေတဲ့ လူမှုကွန်ယက်မီဒီယာတွေကနေ စျေး‌ရောင်းတာတွေ ကို မှတ်ပုံတင်စေချင်တာလား။ ဒါဆိုရင် မေးခွန်းတွေကတော့ ထုတ်ရပါတော့မယ်။

“ ခုထပ်မံထွက်ရှိလာတဲ့ အွန်လိုင်းကစျေးရောင်းခြင်းဆိုတာ ဘာကိုရည်ရွယ်တာပါလဲ။ မြန်မာနိုင်ငံမှာ လူသုံးအများဆုံးဖြစ်နေတဲ့ လူမှုကွန်ယက်မီဒီယာတွေကနေ စျေး‌ရောင်းတာတွေကို မှတ်ပုံတင်စေချင်တာလား။ ဒါဆိုရင် မေးခွန်းတွေကတော့ထုတ်ရပါတော့မယ်။”

GlobalStats က Statcounter ကနေ ရရှိတဲ့အချက်အလက်တွေအရဆိုရင် ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်းမှာ မြန်မာနိုင်ငံမှာ လူသုံးအများဆုံး လူမှုကွန်ရက်ဟာ ဖေ့စ်ဘွတ်ဖြစ်ပြီး သုံး စွဲသူအားလုံးရဲ့ ၈၈.၂၆ ရာခိုင်နှုန်း၊ တွစ်တာကတော့ ၅.၀၈ ရာခိုင်နှုန်းနဲ့ ယူကျူက ၂.၂၃ ရာခိုင်နှုန်းရှိပါတယ်တဲ့။ ဆိုလိုတာက ဖေ့စ်ဘွတ်အသုံးပြုသူတွေဟာ ထိပ်ဆုံးမှာ အပြတ်သတ် ဗိုလ်စွဲနေတာဖြစ်လို့ အွန်လိုင်းစျေးအရောင်းအဝယ်တွေကို တွင်တွင်ကျယ်ကျယ်သုံးနေတာလည်း ဖေ့စ်ဘွတ်ပဲဖြစ်နေလို့ပါပဲ။

မြန်မာနိုင်ငံမှာတင်မဟုတ်ပဲ တစ်ကမ္ဘာလုံးမှာလည်း ဆိုရှယ်မီဒီယာတွေထဲမှာ‌ဖေ့စ်ဘွတ်က မားကက်ပလေ့စ်ဆိုပြီး စျေးအရောင်းအဝယ်ပြုနိုင်တဲ့ feature ကိုထည့်သွင်းပေးထား တာကြောင့် ဖေ့စ်ဘွတ်ကနေ စျေးရောင်းလိုသူတွေဟာ ကိုယ်ပိုင်အကောင့်၊ ပေ့ချ်တွေထောင်ပြီး အရောင်းအဝယ်လုပ်ကြပါတယ်။ ကိုယ်ရောင်းချင်တဲ့ကုန်ပစ္စည်းရဲ့ ပစ်မှတ်ဝယ်ယူ သူတွေ ပိုများလာအောင် ဖေ့စ်ဘွတ်ကိုပိုက်ဆံပေးကြရင် လူအများပိုမိုသိရှိပြီး ဝယ်ယူသူနှုန်းကလည်း တက်လာပါတယ်။

MeetonShi Blog ကရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်မှာဆိုရင် ဖေ့စ်ဘွတ်မားကက်ပလေ့စ်မှာ အရောင်းအဝယ်အလုပ်အများဆုံး ကုန်ပစ္စည်းကတော့ ဖက်ရှင်နဲ့ဆက်စပ်ပစ္စည်း တွေပဲဖြစ်ပြီး အိမ်ထောင်ပရိဘောဂနဲ့ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ မိုဘိုင်းဖုန်းနဲ့ ဆက်စပ်ပစ္စည်းများ၊ စာအုပ်တွေနဲ့ ကလေးအသုံးအဆောင်ပစည်းတွေပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာကတော့ ကိုဗစ်ရောဂါအပြီး ပိုမိုတွင်ကျယ်လာတဲ့ အွန်လိုင်းအရောင်းကုန်တွေထဲမှာတော့ ရတနာပစ္စည်းတွေ၊ ဖက်ရှင်နဲ့အလှကုန်ပစ္စည်းတွေ၊ အစားအသောက်တွေ အများစုပါဝင်လာပါတယ်။ ကိုဗစ်ရောဂါကြောင့် ပုံမှန်အတိုင်း လုပ်ငန်းတွေလည်ပတ်လို့ မရနိုင်တဲ့အချိန်မှာတော့ ခုလိုလူမှုကွန်ယက်တွေက အရောင်းတွေဟာ တနိုင်တပိုင်ငွေရှာလို သူများအတွက် တအားပဲဖြစ်ပါတယ်။

“ခုအွန်လိုင်းကအရောင်းတွေကို မှတ်ပုံတင်ရမယ်ပြောတာက ၂ မျိုးပေါ့နော်။ ကောင်းတဲ့ဘက်ကကြည့်ရင် စားသုံးသူတွေ နစ်နာတယ်ဆိုရင် အွန်လိုင်းကရောင်းသူတွေကိုလည်း တိုင်ကြားလို့ရလာမယ်။ တရားဝင်မှတ်ပုံတင်ထားတဲ့အတွက် တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့အတွက် ကောင်းတယ်။ ဒါပေမယ့် တစ်ခုရှိတာက တစ်နိုင်တပိုင်စား သောက်ကုန်လေးတွေ၊ အိမ်သုံးပစည်းလေးတွေ၊ သေးသေးမွှးမွှား ရောင်းသူတွေအတွက်တော့ အဆင်မပြေဘူး။ ဘာလို့လဲဆိုရင် မှတ်ပုံတင်ဖို့အတွက် အချိန်ပေးရမယ်၊ ငွေပေးရမယ်။ ဒါကြောင့် လုပ်ငန်း ကြီးတွေအတွက်တော့ ကိစ္စမရှိပေမယ့် အိမ်ကနေအပိုဝင်ငွေရှာနေသူတွေအတွက်ကတော့ မရောင်းရတော့ရင် ဝင်ငွေမရရုံပဲရှိတော့မယ်” လို့ ရန်ကုန်မြို့ခံ လူမှုကွန်ယက်အသုံးပြု သူတစ်ဦးက ဆိုပါတယ်။

“ခုလိုအွန်လိုင်းကနေ စည်းကမ်းတင်းကြပ်တာကတော့ ခုနောက်ပိုင်း အွန်လိုင်းကနေတရားမဝင် လောင်းကစားတွေလုပ်နေကြသူတွေလည်း အရမ်းများလာတယ်။ ဒါတွေကိုလည်း တင်းကြပ်ချင်တာရယ် ပြီးတော့ လုပ်ငန်းကြီးတွေဆိုရင် အခွန်ကောက်ချင်လို့လည်းဖြစ်နိုင်တယ်” လို့လည်း သူကဆိုပါတယ်။

နောက်ဆုံးအရေးကြီးတဲ့အချက်ကတော့ လက်ရှိမှာ ဖေ့စ်ဘွတ်ကနေ အရောင်းအဝယ်လုပ်သူတွေကြား သို့လောသို့လောဖြစ်နေတဲ့ မေးခွန်းပါ။ မြန်မာနိုင်ငံမှာ သုံးစွဲခွင့်ပိတ်ပင်ထား တဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက်ကနေ ရောင်းချနေတာကို သက်ဆိုင်ရာဌာနက ဘယ်လိုစိစစ်မလဲဆိုတာပါပဲ။ တရားဝင်စိစစ်တော့မယ်ဆိုရင် ဖေ့စ်ဘွတ်ကို တရားဝင် ပြန်လည်သုံးစွဲခွင့် ပြုတော့မလားဆိုတာလည်း မေးခွန်းတစ်ခုဖြစ်နေပါတယ်။

ဂရေ့စ်ကျော်

#ယနေ့ခေတ်

ပိတ်ပင်ထားတဲ့ Social Media တွေကနေ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေ မှတ်ပုံတင်ရောင်း ရတော့မှာလား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်